စက်တင်ဘာ ၃၊ ခိုင်ရိုးလ

နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် တရားစွဲခံထားရသော ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်သည်ဟု သတင်းမီဒီယာသမားများက ဝေဖန်ကြသည်။

နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် တရားစွဲခံထားရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်စီ ချလိုက်လိုက်မှုကြောင့် ယင်းသို့ဝေဖန်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရအနေဖြင့် သတင်းစာလွတ်လပ်ခွင့်ကို အလေးမထားဘဲ သတင်းထောက်များကို ထောင်ချလိုက်ခြင်း သည် စိတ်ပျက်စရာကောင်းသည်ဟုမြန်မာသတင်းပညာသိပ္ပံ(MJI) သင်တန်းညွှန်ကြားရေးမှူး  ဦးစိန်ဝင်းက ပြောသည်။

“ ဒီဟာတွေက အမှန်ကန် သတင်းစာဆရာတွေရဲ့ လွတ်လပ်ခွင့်ကို အချက်ပေးခေါင်းလောင်းသံပေါ့။ ဒီလိုမျိုး စုံစမ်းထောက်လှမ်းဖော်ထုတ်ရတဲ့အမှုတွေမှာ အမှန်တရားဆိုတာကို ရှာရင် ဒါမျိုးဖြစ်တယ်ဆိုတဲ့ဟာကို သိရတာပေါ့။  အဲဒီအစား အဘကောင်းပါတယ်။ အမကောင်းပါတယ် ဆိုပြီးတော့ရေးနေရင် လုံခြံစိတ်ချမှုရှိတယ်ဆိုတဲ့ဟာကို သတင်းစကားပါးလိုက်တာ။ သတင်းစာဆရာရဲ့တာဝန်ကို ကျေပွန်အောင်မရောက်ဘဲနဲ့ အယူခံသတင်းစာဆရာတွေ ပေါ်လာနေတဲ့ဟာက သတင်းစာလွတ်လပ်ခွင့်ကို ထိပါးတာဖြစ်တာပေါ့ ”ဟု ၎င်းကဆိုသည်။

ရိုက်တာသတင်းထောက်များကို ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီလမ်းကြောင်းဆီသို့ အသွင်ကူးပြောင်းရေးကိစ္စ အားပေးထောက်ခံနေသူအားလုံးအတွက် အလွန်အမင်း စိတ်သောကရောက်စရာဖြစ်သည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ယင်းသတင်းထောက်နှစ်ဦးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဒုတပ်ကြပ် နိုင်လင်းနှင့်သွားရောက်တွေ့ဆုံခဲ့ပြီး ဆိုင်မှအပြန်တွင် ရခိုင်အရေးလျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုနှင့် ဖမ်းဆီးခဲ့ပြီး ၉ လအကြာမှာ ထောင်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ-ဧရာဝတီသတင်းဌာန