
သြဂုတ်လ ၅ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ
ရသေ့တောင်မြို့နယ် အငူမော်မှ ကုန်တန်းကျေးရွာသို့ နွားကျောင်းလာသူ ရွာသား ၂ ဦးကို လောင်းချောင်းနယ်မြေ ရဲကင်းစခန်းမှူးမှ တားမြစ်ချုပ်နှောင်ကာ ငွေတောင်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ငွေတောင်းချုပ်နှောင်ခြင်းခံခဲ့ရသူတို့က ပြောကြားသည်။
အဆိုပါ ငွေတောင်းယူ ချုပ်နှောင်မှုနှင့် ပတ်သက်ပြီး သြဂုတ်လ ၄ ရက်နေ့က စစ်တွေမြို့ အားသစ် လက်ဖက်ရည်ဆိုင်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မီဒီယာများကို ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ ကိုအောင်ဇော်ဝင်း (အသက် ၂၃) နှစ်နှင့် ကုန်တန်းကျေးရွာမှ ကိုကျော်ဇော (အသက် ၃၀) နှစ်တို့သည် သူတို့၏ လယ်ယာလုပ်ငန်းများတွင် မွေးမြူအသုံးပြု ထွန်ယက်နိုင်ရန် ပန်းဖော်ပြင်၊ ဆင်အိုး၊ အောင်သာယာ၊ ညောင်ပင်လှကျေးရွာများမှ ဝယ်ယူလာသော နွားကောင်ရေ ၂၀ ကို မောင်တော အငူမော်ကားလမ်းအတိုင်း မောင်းနှင်ယူဆောင်လာခဲ့သည်။
ထို့သို့ ယူဆောင်လာစဉ် ညနေ ၄ နာရီခန့်တွင် လောင်းချောင်းကျေးရွာသို့ ရောက်ရှိလာခဲ့ရာ လက်ဖက်ရည်ဆိုင်မှ လူတစ်ဦးက လမ်းမပေါ်မှ နွားမကျောင်းရဟုပြောကာ ရဲစခန်းသို့ ခေါ်သွားပြီး သူတို့နှစ်ဦးကို စခန်း၌ ခြောက်ပေါက်ထဲထည့်ကာ ငွေကြေးတောင်းခံခဲ့သလို နွားတစ်ကောင်ကိုလည်း ယူသွားခဲ့ကြောင်း ကိုကျော်ဇောက ပြောသည်။
“ ကျွန်တော်တို့ နှစ်ယောက်ကို ခြောက်ပေါက်ထဲထည့်ထားလိုက်တယ်။ အဲဒီတော့ ရဲနှစ်ယောက်ရောက်လာပြီး မင်းတို့မှာ ပိုက်ဆံနဲ့ရှင်းရင် ရတယ်လို့ပြောတယ်။ ပထမမှာတော့ ကျွန်တော်တို့မှာ ပိုက်ဆံမပါဘူးလို့ ပြောတယ်။ ပိုက်ဆံမပါလို့ မရဘူးကွာ။ မင်းတို့ကို ဗိုလ်ကြီးမူးလာရင် ဆော်မှာဘဲလို့ပြောတယ်။ နောက်တစ်ခေါက် ကျွန်တော်တို့က ပိုက်ဆံ ၂ သိန်းယူဆိုပြီး ပြောတယ်။ အဲဒီမှာ မရဘူးကွာ။ ငါတို့ ဗိုလ်ကြီးက အဲလောက်နဲ့ မကြေနပ်ဘူးတဲ့ လို့ပြောတယ်။ ကျွန်တော်တို့ကို ညနေ ၄ နာရီက ချုပ်ထားတာ ၉ နာရီအချိန်ဆိုတော့ သူတို့တွေကလည်း အရက်မူးလာတယ်။ အဲလိုဖြစ်ပြီးတော့ မထူးတော့ဘူးဆိုပြီး ကိုယ့်မှာ ပါလာတဲ့ ပိုက်ဆံငွေ ၄ သိန်းပေးခဲ့ရပါတယ်။ ပြီးမှ ကျွန်တော်တို့ကို ခြောက်ပေါက်ကထုတ်ပြီးတော့ ကျော့ကုန်းကို တစ်ချက်ရိုက်ကာ ပြီးရင် အဲဒီပိုက်ဆံကို သူတို့တပည့်နှစ်ယောက်နဲ့ ဗိုလ်ကြီးနဲ့ ဝေယူလိုက်ကြတယ်။ နောက်ပြီး အဲဒီနွားတွေကို မောင်းခိုင်းပြီးတော့ စခန်းအနောက်က ထွက်ခိုင်းတယ်။ အဲဒီမှာဘဲ ကျွန်တော်တို့ နွားကို စစ်လိုက်တော့ ၁၉ ကောင်ပဲရှိတော့တယ်။ ” ဟု ၄င်းကပြောသည်။
၎င်းတို့နှစ်ဦးကို ခြောက်ပေါက်ထဲချုပ်မှုနှင့် ငွေတောင်းယူမှုများကို သတင်းမပေါက်ကြားအောင် ခြိမ်းခြောက်ခဲ့သည်ဟု ကိုကျော်ဇောက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် လောင်းချောင်းရဲကင်းစခန်းမှ စခန်းမှူး အောင်ကိုဝင်းအား DMG မှ မေးမြန်းရာ သူတို့အနေဖြင့် စစ်ဆေးခြင်းသာဖြစ်ပြီး နွားတစ်ကောင်နှင့် ငွေတောင်းယူခြင်း မရှိဟု ပြောသည်။
“ ကျွန်တော်က နွားမောင်းနေတာကို တွေ့တော့ စိစစ်ပါတယ်။ စိစစ်နေတဲ့အထဲမှာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါနေတော့ ဒီနွားတွေဟာ နိုင်ငံခြားကို ပို့မယ့်ဟာလည်း မဟုတ်ဘူး။ ခိုးယူလာလည်းမဟုတ်ဘူး။ သူတို့မှာ ကျေးရွာထောက်ခံချက်တွေလည်း ပါပါတယ်။ နွားအကောင် ၂၀ ပါပါတယ်။ သူတို့ကို ခေါ်ပြီး စိစစ်တာပါ။ လူ ၅ ယောက်ပါတယ်။ အဲဒါကို မင်းတို့ ညပိုင်းလောက်မှသွားပါ။ လမ်းသွားလမ်းလာရှင်းတာပေါ့။ သူတို့ထွက်သွားတဲ့ အချိန်မှာ နွားကောင်ရေကိုလည်း သေချာစစ်ခိုင်းပါတယ်။ နွားတစ်ကောင်ပျောက်တယ်လို့လည်း သူတို့က နောက်နေ့မှ လာပြောတာပါ။ ကျွန်တော်တို့ ငွေရေးကြေးရေး ယူထားတာ တစ်ခုမှမရှိပါဘူး။ မင်းဖူးအုပ်ချုပ်ရေးမှူး၊ အောင်ဆိပ်အုပ်ချုပ်ရေးမှူးတို့ကိုလည်း မေးလို့ရပါတယ်။ ” ဟု ပြောသည်။
ထိုဖြစ်စဉ်အား နွားပိုင်ရှင်များမှ သြဂုတ်လ ၂ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့အပါဝင် အဂတိတိုက်ဖျက်ရေးကော်မရှင် နေပြည်တော်သို့ လောင်းချောင်းရဲစခန်းမှ စခန်းမှူးနှင့် သူ့တပည့်နှစ်ဦးတို့အား ဥပဒေအရ ရေးယူဆောင်ရွက်ပေးရန် အကြောင်းကြားစာ တင်ထားကြောင်း သိရသည်။





