ခိုင်ရိုးလ၊ DMG
အောက်တိုဘာ ၅၊ စစ်တွေ
ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်သန်းမောင် အနိုင်ရရှိရေး အတွက် ပါတီဗဟိုအောင်နိုင်ရေးအဖွဲ့က လာရောက်ဝိုင်းရံကြသည်။
အောက်တိုဘာလ ၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က ဒေါက်တာမျိုးညွန့်နှင့် ဒေါက်တာ မေဝင်းမြင့်တို့က ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မြို့မိ၊မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ ပါတီ၏ မူဝါဒများကို ဟောပြောခဲ့ကြောင်း ပြည်နယ်ပါတီအလုပ်အမှုဆောင် ဦးအောင်ပန်းသာက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် မျှော်လင့် ထားပြီးပြိုင်ဘက်အနေဖြင့် ရခိုင်အမျိုးသားပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းတို့ ဖြစ်ကြောင်း ဦးအောင်ပန်းသာက ဆိုသည်။
“ ရသေ့တောင်ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ရဲ့ အဓိကပြိုင်ဘက်ကတော့ ဒေါက်တာအေးမောင်သားနဲ့ ANP ပါတီကပဲ ဖြစ်ဖို့များမှာ ထင်ပါတယ်။ ALD ကတော့ သိပ်အခြေနေကောင်းမယ်မထင်ပါ”ဟု ၎င်းကသုံးသပ်သည်။
အဆိုပါရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတို့သာ အဓိကပြိုင်ဆိုင်လာနိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက DMG ကို သုံးသပ်ပြောဆိုထားသည်။
ရသေ့တောင်မဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) ဦးမောင်လှမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က ဦးခင်သန်းမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( ALD)မှ ဦးဦးသိန်းမောင်နှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်မောင်ဝင်း တို့ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ရသေ့တောင်တွင် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် ပါတီအသီးသီးက မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လျက်သည်။ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲသည် ရခိုင့်နိုင်ငံရေးလောကတွင် ထင်ရှားသူ ဒေါက်တာအေးမောင်၏ သားဦးတင်မောင်ဝင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် လူအများ စိတ်ဝင်စားခြင်းခံရသည့် မဲဆန္ဒနယ်တစ်ခုဖြစ်နေသည်။




