ကောင်းမြတ်နိုင်(မောင်တော)၊DMG

နိုဝင်ဘာလ ၃၊ရသေ့တောင်

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ နိုဝင်ဘာလ ၃ ရက်ယနေ့ ကျင်းပနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင် သား တစ်သီးပုဂ္ဂလကိုယ်စားလှယ် ကိုတင်မောင်ဝင်း အသာစီးရနေကြောင်း သူ၏ အောင်နိုင်ရေးအဖွဲ့က တာဝန်ရှိသူများက ပြောသည်။

"ကျေးရွာ ၄၀ ကျော်လောက်မှာတော့ လက်ရှိအချိန်ထိ မဲရေတွက် ထားပြီးသလောက်မှာ ကိုတင်မောင်ဝင်းက အသာစီးရနေပါတယ်။ မဲအရေအတွက်က ၁၂၀၀၀ ကျော်လောက် ရနေပါပြီ။ မဲရုံအကုန်လုံးရဲ့ရလာဒ်ကိုတော့ မသိရသေးပါဘူး" လို့ ကိုတင်မောင်ဝင်းအောင်နိုင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကျောက်ဖြူအမတ် ကိုကျော်လွင်က ယနေ့ညနေ ၆ နာရီခန့်အချိန်က DMG ကို ပြောသည်။

အဆိုပါကြားဖြတ်ရွေးကောက်ပွဲအတွက် ရသေ့တောင်မြို့ပေါ် အရှေ့တောင်ရပ်ကွက်၊ ချောင်းဝရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၄၈ အုပ်စုတွင် မဲရုံပေါင်း ၈၆ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၂၃၀၀ ဦး ရှိကြောင်း ရသေ့တောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

"ဦးတင်မောင်ဝင်းကို မဲပေးဖို့ ရန်ကုန်ကနေလာတာပါ။ ဦးတင်မောင်ဝင်းကို ပိုပြီးလေးစားကြတယ်။သူ့အဖေက ဒေါက်တာအေးမောင် လေ။သူအဖေရဲ့လမ်းညွှန်ချက်နဲ့ သူ့အဖေရဲ့သွေးတွေ သူမှာစီးဆင်နေပါတယ်။ တခြားသူ တွေကိုတော့ သိပ်မလေ့လာဘူး" ဟု ရသေ့တောင်မြို့နယ် အရှေ့တောင်ရပ်ကွက်မှ မဲဆန္ဒရှင်တစ်ဦးဖြစ်သည့် မနွယ်ဦးကပြောသည်။

ရသေ့တောင်မြို့နယ်မှာ လစ်လပ်နေသည့် အမှတ်(၂) ပြည်နယ်မဲဆန္ဒနယ်အတွက် ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးခင်သန်းမောင်နှင့် တစ်သီးပုဂ္ဂအဖြစ် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းတို့ ဝင်ရောက် ယှဉ်ပြိုင်နေကြခြင်းဖြစ်ပါသည်။