
ကောင်းမြတ်နိုင်(မောင်တော)၊DMG
ရသေ့တောင်၊ နိုဝင်ဘာ ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် နိုဝင်ဘာလ ၃ ရက်နေ့ မနက်ဖြန်ကျင်းပမည့် ကြားဖြတ်အထွေထွေရွေးကောင်ပွဲမှာ မဲဆွယ်ကာလတွင် ဖြစ်ပေါ်ခဲ့သလောက် ပြည်သူစိတ်ဝင်စားမှုမများ ကြောင်း ဒေသခံတချို့က ပြောသည်။
ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သည့် ရွာသစ်ကေကျေးရွာမဲရုံမှူး ဦးသာစိန်အောင်က ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သူ့အမြင်ကို ပြောပြသည်။
"တစ်ခေါက်ပေးလိုက်ရင်လည်း ဒီအတိုင်းပဲ။ နောက်တစ်ခေါက်ပေးလိုက်ရင်လည်း ဒီအတိုင်းပဲဆိုတော့ ဘာမှ ထူးခြားမလာတဲ့အတွက် ပြည်သူတွေက စိတ်ဝင်စားမှု နည်းလာတာပါ"ဟု နိုင်ဝင်ဘာလ ၂ ရက် ယနေ့ ညနေက မီဒီယာများအား ပြောသည်။
ရသေ့တောင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက် ရခိုင်အမျိုးသားပါတီမှတစ်ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလတစ်ဦး စုစုပေါင်းလေးဦး ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးနိုင်မျိုးလင်းက ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းပြသည်။
"လက်ရှိရွေးကောက်ပွဲအတွက် မဲရုံအနေအထားတွေ မဲလက်မှတ်ဖြန့်ဝေထားမှုတွေ ကြိုတင်မဲလက်မှတ်တွေနဲ့ လုံခြုံရေးအခြေအနေတွေကို သေချာစီစဉ် ဆောင်ရွက်ထားပါတယ်" ဟု သူကပြောသည်။
ရခိုင်ပြည်နယ်အတွင်း တစ်နေရာတည်းသာပါဝင်သည့် ကြားဖြတ်ရွေးကောက်ပွဲနေရာမှာ မဲဆွယ်ကာလအတွင်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ပဋိပက္ခဒေသဖြစ်သည့်အတွက် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့အပါအဝင် မဲရုံတစ်ရုံတွင် အင်အား ၂ ဦး မှ ၄ ဦးအထိ ထားရှိကာ ဗဟိုစည်း ၊အပြင်စည်း ၊အတွင်းစည်း ၊အဝေးစည်းစသည်ဖြင့် လုံခြုံရေး စည်းများဖြင့် ဆောင်ရွက်ထားကြောင်းလည်း သူကဆိုသည်။
ရသေ့တောင်ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်စိုးသိန်းယဉ်က " မဲဆွယ်တဲ့အချိန်တုန်းကတော့ လူတွေအများကြီး ကားတွေနဲ့လာပြီး ဟောပြောကြပါတယ်။ အလုပ်မအားတော့ သွားနားမထောင်ဖြစ်ပါဘူး။ တင်မောင်ဝင်းကိုပဲ မဲပေးမှာပါ" ဟု နိုဝင်ဘာလ ၂ ရက် ယနေ့ညနေက ကြိုတင်မဲလာပေးချိန်တွင် ပြောခဲ့သည်။
ယင်းကြားဖြတ်ရွေးကောက်ပွဲအတွက် ရသေ့တောင်မြို့တွင် အရှေ့တောင်ရပ်ကွက်၊ ချောင်းဝရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၄၈ အုပ်စုတွင် မဲရုံပေါင်း ၈၆ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၂၃၀၀ ဦး ရှိကြောင်းလည်း ရသေ့တောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။




