ချလူးအောင်/DMG၊ ဒီဇင်ဘာလ ၅၊မောင်တော
ရသေ့တောင်မြို့နယ်၊အောင်ဗလချောင်းဝ အငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် ဖမ်းမိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၂) ဦးကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် မောင်တောမြို့ POE စခန်းတွင် နှစ်နိုင်ငံအလံတင်အခမ်းအနားပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း မောင်တောခရိုင်လ၀က ဦးစီးဌာနက သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့က စက်လှေပျက်စီးနေ၍ ရသေ့တောင်မြို့နယ် ကမ်းခြေသို့ ရောက်ရှိလာသူ (၁၀၄) ဦး အနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (၁၂) ဦးကို လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။၎င်းတို့သည် မလေးရှားနိုင်ငံသို့ ထွက်ခွာလာစဉ် စက်လှေပျက်ပြီး ရောက်ရှိလာခြင်း ဖြစ်သည်။
အလားတူ ကျောက်ပန္ဒူ ကမ်းခြေသို့ စက်လှေပျက်၍ ရောက်ရှိလာသူ ဘင်္ဂလီ ၂ ဦး နှင့် မြန်မာဖက်သို့ မှတ်ပုံတင်အတုဖြင့် တရားမဝင် ဝင်ရောက်လာမှုကြောင့် စစ်တွေမြို့၌ ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၁) နှစ်ခွဲ ချမှတ်ခံရ၍ ပြစ်ဒဏ်မှ လွတ်မြောက်လာသူ ဘင်္ဂလီ ၁ ဦး နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်လူမျိုး ၂ ဦးတို့ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မောင်တောခရိုင်လ၀က ဦးစီးဌာနက သိရသည်။
ယင်းလွှဲပြောင်းပွဲအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Taknaf Battalion(2BGB) တပ်ဖွဲ့မှLieutenant Colonel Md Sadud-Zama Chowdhury ဦးဆောင်သည့်အဖွဲ့နှင့် မောင်တောခရိုင် လ၀က ဦးစီမှူးဦးထိန်လင်း နှင့် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးထွန်းမြတ်ထွန်း ဦးစီးအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့တွင် မောင်တောမြို့နယ်၊သင်္ဘောကွေ့ကျေးရွာအနီး ပင်လယ်ပြင်တွင် လှေစီးဒုက္ခသည် ၂၂၈ ဦးတွေ့ရှိခဲ့သဖြင့် စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦးပါဝင်နေကြောင်း တွေ့ရှိ ရသဖြင့် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရသည်။




