
ခိုင်ရိုးလ / DMG
ဧပြီ ၂၈ ၊ ရသေ့တောင်
ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာတွင် လက်နက်ကြီးကျည်ဆံပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး ကျန်ကလေးငယ်နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။
ဧပြီလ ၂၈ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က ခရုချောင်းကျေးရွာ ချောင်းကမ်းစပ်မှ ကောက်ယူ ရရှိခဲ့သည့် လက်နက်ကြီးကျည်အား အုတ်ခဲကျိုးဖြင့်ထုတ်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။
“တိုက်ပွဲဖြစ်ပွားတဲ့အခါ ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည်ဆံတစ်ခုကို ဘုန်းကြီးချောင်းနားက ချောင်ကမ်းစပ်မှာတွေ့တော့ ထုကြည့်တယ်။ အဲဒီမှာပေါက်ကွဲပြီး ထုတဲ့ကလေးပွဲချင်းပြီးသေတယ်။ ကျန်တဲ့နှစ်ဦးကတော့ ခြေလက်တွေမှာ ကျည်စတွေထိမှန်သွားတယ် ” ဟု ခရုချောင်းကျေးရွာမှ ဆရာတော် ဦးပညောဘာသက မိန့်သည်။
အဆိုပါ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် မောင်အောင်မျိုးနိုင်(ခ) ဘိုသူရမှာ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်သည့် အသက် ၁၂ နှစ်အရွယ် မောင်အောင်မျိုးဝင်းနှင့် အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့မှာ ပြင်းထန်ဒဏ်ရာများဖြင့် ရသေ့တောင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှ ရရှိခဲ့သည့်လက်နက်ကြီးကျည်အား ကလေးငယ်တစ်ဦးမှ ကျောက်ခဲဖြင့်ထုကြည့်ရာတွင် ပေါက်ကွဲဖြစ်ကာ သေဆုံးသွားခဲ့သည်။
ယခုကဲ့သို့ တိုက်ပွဲကျန်လက်နက်ကြီးများရှိနေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများတွင် နေထိုင်နေကြသည့် ကလေးငယ်များအတွက် မိဘများမှ စိုးရိမ်မှုများရှိနေကြသည်။
ဓါတ်ပုံ - လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် ကလေးငယ်အားတွေ့ရစဉ်




