(ကူးတို့စက်လှေနစ်မြှုပ်မှုကြောင့် ပျောက်ဆုံးသွားသော ဒေသခံ ၂ ဦးကို ရှာဖွေနေစဉ်။ ဓါတ်ပုံ - မောင်မောင်သာ)

ဇူလိုင်လ ၃၀၊ ၂၀၁၇ ခုနှစ် (DMG) ။   ။   ရသေ့တောင်မြို့နယ်၊ သရက်ချောင်းကျေးရွာက ကူးတို့လှေနစ်မြုပ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပျောက်ဆုံးလျှက်ရှိကြောင်း သတင်းရရှိသည်။

 

ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၇ နာရီကျော် အချိန်ခန့်က သရက်ချောင်းကျေးရွာမှ လောင်းချောင်း ကျေးရွာသို့သွားသည့် လှေလှော်ခတ်သူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးလိုက်ပါလာသည့် ကူးတို့လှေမှာ လောင်းချောင်းကျေးရွာသို့ လောင်းချောင်းဆိပ်ကမ်းအရောက်၌ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

 

“ ဒီနေ့မနက်က သရက်ချောင်းကနေ လောင်းချောင်းကို ခရီးသည်ပို့ဖို့ လာတာကနေ လောင်းချောင်းဆိပ်ကမ်း အနားမှာမြုပ်သွားတာပါ။ အခုဒေသခံတွေ စုပေါင်းပြီး ရှာဖွေမှုတွေ ပြုလုပ်နေတာပါ ” ဟု လောင်းချောင်း ဒေသခံ ကိုသန့်ဇင်ဖြိုးမောင်က ပြောသည်။

 

ပျောက်ဆုံးသွားသူများမှာ ဒေါ်မသန်းဝင်း(အသက် ၄၆ နှစ်)နှင့် ဦးစံသာအောင်၊ အသက် ၄၁ နှစ် တို့ ဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါဒေသတွင် ရွာချင်းဆက်ကြိုးတံတားတစ်စင်းရှိခဲ့သော်လည်း လွန်ခဲ့သည့် မေလအတွင်းက တိုက်ခတ်ခဲ့သည့် မိုရာမုန်တိုင်းကြောင့် လောင်းချောင်း - သရက်ချောင်း ဆက်သွယ်ထားသည့် ကြိုးတံတားမှာ ပျက်စီးသွားခဲ့ပြီး ယခုအခါမှာ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံများ ကူးတို့လှေကို အသုံးပြု၍ သွားလာနေကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

 

“ အဓိက တံတားမရှိလို့ဖြစ်တာပါ။ တံတားမရှိတော့ ကူးတို့လှေနဲ့ ချောင်းကို ဖြတ်ကူးရပါတယ်။ သရက်ချောင်းနဲ့ အနီးအနားက ကျောင်းသား၊ ကျောင်းသူတွေဟာ လောင်းချောင်း အ၊ ထ၊ က ကျောင်းမှာ စာသင်ကြတယ်။ အခု တံတားမရှိတော့ ကူးတို့လှေကို အသုံးပြုနေရတယ်။ မိဘတွေကလည်း စိုးရိမ်နေတယ်။ ” ဟု ကိုသန့်ဇင်ဖြိုးမောင်က ဆက်လက်ပြောဆိုသည်။

 

ယခုကဲ့သို့ မိုးရာသီအတွင် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်မှု ၊ ရာသီဥတုဆိုးရွားမှုများကြောင့် မကြာခဏဆိုသလို ကူးတို့စက်လှေများ တိမ်းမှောက်ကာ လူသေဆုံမှုများဖြစ်ပေါ်လျက်ရှိပြီး လူမှုအဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် အသက်ကယ်အကျီ င်္များကို သက်ဆိုင်ရာ ကူးတို့လှေများအလိုက် တင်ဆောင်ထားရန် ညွှန်ကြားထားသော်လည်း လိုက်နာမှုအားနည်းလျက်ရှိကြောင်းလည်း သိရသည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်