
(ရသေ့တောင်မြို့ဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်။ ဓါတ်ပုံ - DMG)
မေလ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်၊ ရသေ့တောင် (DMG) ။ ။ ရသေ့တောင်မြို့နယ် အထက်နန်းရာ ဘင်္ဂလီကျေးရွာနှင့် အောက်နန်းရာ ဘင်္ဂလီကျေးရွာတို့ကို ဆက်သွယ်ထားသော ကြားဖြတ်လမ်းတွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြသော ဘင်္ဂလီလူအုပ်ကို တွေ့မြင်လိုက်ရကြောင်း ယင်းကြားဖြတ်လမ်းတွင် လမ်းပြုပြင်နေသော ဘတ်ဖိုးစခန်းမှ တာဝန်ခံက ပြောကြားသည်။
မနေ့ညက (မေလ ၂၀) ၉ နာရီအချိန်တွင် ယင်းဘတ်ဖိုးစခန်းမှ အလုပ်သမား ၂ ဦး အလုပ်ပြန်ချိန် အောက်နန်းရွာနှင့် အထက်နန်းရွာသို့ ဆက်သွယ်ထားသော ကြားဖြတ်လမ်းတွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော ဘင်္ဂလီ ၃ ဦးကိုမြင့်တွေ့ရပြီး အခြေအနေစောင့်ကြည့်ရာတွင် လက်နက်များကိုင်ဆောင်ထားသော ဘင်္ဂလီလူအုပ်ကြီး သွားလာနေသည်ကို မြင့်တွေ့လိုက်ရကြောင်း အဆိုပါ အလုပ်သမား ၂ ဦးက ပြောပြသည်ဟု ဘတ်ဖိုးစခန်းတာဝန်ခံ ကိုနိုင်ဦးက ဆိုသည်။
ကိုနိုင်ဦးအပါအဝင် ဘတ်ဖိုးစခန်းရှိ အလုပ်သမားများမှာ စေတီပြင်ကျေးရွာသို့ ပြန်လာကြပြီး စေတီပြင်အုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်ကို အသိပေးတိုင်ကြားထားကြောင်း၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က အနီးအနာရှိကျေးရွာများကို သတိနှင့်နေထိုင်ကြရန် မှာကြားဖို့ စေတီပြင်အုပ်ချုပ်ရေးမှူးအား အကြောင်းကြားထားကြောင်း ကိုနိုင်ဦးကပြောသည်။
အဆိုပါ အဖြစ်အပျက်များကို စေတီပြင် အမှတ် (၃) နယ်ခြားစောင့်ခစန်းကို အားလုံးတင်ပြထားပြီး နယ်ခြားစောင့်စခန်းမှ တာဝန်ရှိသူများမှာလည်း အကြမ်းဖက်သမားများကို လိုက်လံရှာဖွေနေကြောင်း စေတီပြင်အုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်ကဆိုသည်။
“ အခုတော့ အခြေအနေက တည်ငြိမ်ပါတယ်။ ဘာပြဿနာမှတော့ မဖြစ်ဘူး။ လုံခြုံရေးကလည်း တပ်တွေရှိနေတယ်။ အကြမ်းဖက်သမားတွေ ရှိနေတာတော့ သေချာပါတယ်။ မနေ့က ရန်ပြုတာတော့ဘာတော့မရှိဘူး။ ” ဟု ၄င်းကပြောသည်။
ယခု အကြမ်းဖက် ဘင်္ဂလီများစုဝေးနေသော ပထဝီနေအထားမှာ “ပ” ပုံသဏ္ဌာန်ဖြစ်ပြီး ဘင်္ဂလီကျေးရွာ ၁၁ ရွာနှင့် ရခိုင်ကျေးရွာ ၈ ရွာရှိကြောင်း၊ ဘင်္ဂလီကျေးရွာများက “ပ” ပုံသဏ္ဌာန် ဝိုင်းထားကြောင်း၊ ဘင်္ဂလီကျေးရွာတစ်ရွာ၏ အိမ်ခြေမှာ ၆၀၀ မှ ၁၀၀၀ အထိရှိကြောင်း၊ ရခိုင်ကျေးရွာတစ်ရွာ၏ အိမ်ခြေမှာ ၃၀ မှ ၄၀ အထိသာရှိပြီး စေတီပြင်ကျေးရွာသာ အိမ်ခြေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။
ယင်းဒေသရှိ လုံခြုံရေး စခန်းများမှာ သဇင်မြိုင်တွင် စခန်းငယ်တစ်ခု၊ ချပ်ပြင်ရွာတွင် ကြားစခန်းတစ်ခု၊ ညောင်ပင်လှတွင် စခန်းတစ်ခုနှင့် စေတီပြင်စခန်းခွဲနှင့် နယ်မြေ (၃) စခန်းတို့ရှိပြီး သို့သော်လည်း တပ်ဖွဲ့ဝင်အင်အားနည်းသောကြောင့် ဒေသခံများမှာ အထူးစိုးရိမ်စရာဖြစ်နေ၍ နယ်မြေလုံခြုံရေးအတွက် အပြည့်အဝတာဝန်ယူပေးဖို့ လိုအပ်ကြောင်း စေတီပြင်ကျေးရွာဒေသခံ ဦးခင်မောင်ဝင်းက ပြောသည်။




