Photo - Rakhine Ethnics Congress

ခိုင်ရိုးလ / DMG

ဖေဖော်ဝါရီ ၁၆ ၊ စစ်တွေ

ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် သောက်သုံးရေ လောက်ငှမှု မရှိ၍ အခက်အခဲဖြစ်ပေါ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

၎င်းကျေးရွာတွင် ရေကန်တစ်ကန်သာရှိပြီး ယခုအခါတွင် ထိုရေကန်၌လည်း ရေနည်းပါးလာနေပြီ ဖြစ်သဖြင့် စစ်ဘေးရှောင်မိသားစုဝင် တစ်ခုလျှင် တစ်နေ့ရေအိုး ၄ လုံးစီသာ ခွဲတန်းဖြင့် ခပ်ယူသုံးစွဲနေရကြောင်း စခန်း တာဝန်ရှိသူများက ဆိုသည်။

မိသားစု တစ်စုအတွက် တစ်နေ့ ရေအိုး ၄ လုံးမှာ သောက်ရေအတွက်သာလုံလောက်ပြီး သုံးရေအတွက် အလွန်ပင်ခက်ခဲမှုရှိကြောင်း ပဲသဒူစစ်ဘေးရှာင်စခန်းခေါင်းဆောင် ဦးသာကျော်က ပြောသည်။

“လောလောဆယ်မှာ ကျွန်တော်တို့ စခန်းအနားမှာရှိတဲ့ ရေတွင်းကလေးတစ်ခုကနေပြီး အလှည့်ကျ ဝေငှပြီး ချိုးရတာပါ။ အဲဒီတွင်းကလည်း ရေအများမရှိပါ။ နောက်ပြီး အဆင်ပြေသလို ဆားငံရေတွေကို ချိုးနေရပါတယ်။ အဲဒီတွင်းလေးကလည်း ရေခမ်းလာတဲ့အတွက် မဖြစ်နိုင်တော့ပါ။ ကိုယ့်ရွာကိုလည်း မပြန်ရဲသေးတော့ ရေအခက်အခဲတွေရှိနေတာပါ ” ဟု ဦးသာကျော်က DMG ကို ပြောသည်။

ပဲသဒူစစ်ရှောင်စခန်းတွင် ရသေ့တောင်မြို့နယ် ဘောဓိကိုင်းကျေးရွာမှ အိမ်ထောင်စု ၃၂ စု လူဦးရေ ၁၈၃ ဦးရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး လာကြခြင်းဖြစ်သည်။

လက်ရှိ ရေအခက်အခဲဖြစ်ပေါ်နေမှုအတွက် အဆင်ပြေစေရန် ပဲသဒူကျေးရွာအနီးတွင် ရေတွင်းတူးဖော်ပေးမည် ဆိုက အဆင်ပြေနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“ယခု ပဲသဒူစခန်းအနီးနားမှာ ရေထွက်နိုင်တဲ့ ရေတွင်းတစ်ခုတော့ရှိတယ်။ အဲဒီတွင်းကို ကန်အဖြစ် ချဲ့ပြီး တူးနိုင်ရင် အဆင်ပြေနိုင်တယ်။ အဲဒီတွင်းကို တူးဖော်ဖို့အတွက် လက်ရှိမှာအလှူရှင်တွေ လိုအပ်နေပါတယ် ” ဟု ဦးရွှေဘော်စိန်က ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ ဖားကြွယ် စစ်ရှောင်စခန်းတွင်လည်း ရေရှားပါးမှုဒဏ်ကို ကြုံတွေ့ နေရသည်ဟု စစ်ရှောင်ဒုက္ခသည်များကိုကူညီပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် မြို့နယ် လေးခုတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်ခန့် ရှိကြောင်း ကူညီရေးအဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

Author: ခိုင်ရိုးလ