
ခိုင်ရိုးလ / DMG
ဖေဖော်ဝါရီ ၂၃၊ ရသေ့တောင်
ရသေ့တောင်မြို့နယ်၊ မင်းဖူးကျေးရွာသားများထံမှ ရွှေ၊ငွေများကို တပ်မတော်သားများက ယူဆောင်သွား သည်ဟု ကာယကံရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ခန့်မှာ ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲခဲ့သဖြင့် တပ်မတော်သားများက ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ ယင်းနောက် ရွာသားများအား ရွာအဝင်လမ်း ရေကန်အနီးတွင် စုထားကာ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ပြီး ရွှေငွေများကို ယူဆောင်သွားခဲ့ကြောင်း ဒေါ်သိန်းယဉ်စိန်က ပြောသည်။
“ လက်ကောက် လေးကွင်း၊ လက်စွပ်နှစ်ကွင်းကို ဆန်ပုတ်ထဲ ထည့်ထားတာပါ။ ကျမက ကျောင်းဆရာမတွေစားဖို့ နေအိမ်မှာ ထမင်းချက်နေပါတယ်။ အဲဒီမှာ သူတို့ (တပ်မတော်)က ဝင်လာပြီးပစ်ခတ်တော့ ဘာမှလည်းယူဖို့မရလိုက်ပါ။ ထမင်းချက်နေရာကနေ လိုက်ပါသွားခဲ့ရပါတယ်။ ညနေ ၅ နာရီကျော် သူတို့လွှတ်လိုက်တော့ အိမ်မှာ ဒီအတိုင်း ပြန့်ကြဲပြီးကျန်လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဆုံးရှုံးသွားသော ပစ္စည်းများ၏ တန်ဖိုးမှာ ကာလပေါက်ဈေး ၁၀ သိန်းကျော်ရှိကာ ယင်းအပြင် ၄င်းအိမ်ပေါ်မှ ဓားတစ်လက်၊ အင်ဗာတာကြိုးတို့ကိုလည်း တပ်မတော်က ယူဆောင်သွားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
အလားတူ ကျေးရွာအတွင်းရှိ စားကုန်ဆိုင်တစ်ဆိုင်မှလည်း ငွေကျပ် (၇)သောင်းနှင့် ဘီယာဗူးအချို့၊ မုန့်အချို့ (တန်ဖိုး ငါးသိန်းကျပ်)ခန့် တို့ကိုလည်း တပ်မတော်က ယူဆောင်သွားသည်ဟု ကာယကံရှင်မိသားစုဝင်များက ပြောသည်။
မင်းဖူးဖြစ်စဉ်တွင် အသက် ၁၉ နှစ်အရွယ် မရီရီစိုးမှာ ကျည်ဆန်ထိမှန်၍ သေဆုံးသွားခဲ့ရကာ ယင်းအပြင် ကျည်ဆန်ထိမှန်၍ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားသည့် အသက် (၄) နှစ်အရွယ် မဧပြီစိုးမှာလည်း နှာခေါင်း သွေးလျှံထွက်နေ၍ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။




