
(မြောက်ဦးကိစ္စတွင်ဒဏ်ရရှိပြီး စစ်တွေဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသူများအား ရခိုင်အမျိုးသားပါတီမှ အားပေးစကားပြောကြားနေစဉ်။ ဓာတ်ပုံ - ANP Facebook)
ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၈ ခုနှစ် ။ ။ ရသေ့တောင်နှင့် မြောက်ဦးကိစ္စများတွင် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဟု အစိုးရကထုတ်ပြန်ထားသည့်အတွက် ရခိုင်အမျိုးသားပါတီအနေဖြင့် ယင်းသို့အရေးယူခံရမည့်သူများကို ဥပဒေနှင့်အညီ ဖြစ်စေရန် အကူညီပေးသွားမည်ဖြစ်သည်။
ယင်းဖြစ်စဉ်များတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူများ၊ အရေးယူခံရမည့်သူများကို ဥပဒေပိုင်းဆိုင်ရာ အကူအညီများ ပေးနိုင်ရန်အတွက် ရှေ့နေ ၆ ဦးပါဝင်သည့် ဥပဒေအထောက်အကူပြု ကော်မတီတစ်ရပ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ (ANP) က ဖွဲ့စည်းလိုက်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဒုတိယ ဥက္ကဌ ဒေါ်အေးနုစိန် (တရားလွှတ်တော် ရှေ့နေ) က ပြောသည်။
“ အခုဆောင်ရွက်နေတဲ့ အနေအထားတွေရော အဖြစ်အပျက်နဲ့ အရေးယူစွဲဆိုတဲ့ ဥပဒေပုဒ်မတွေဟာ ညီညွတ်မျှတမှု ရှိသလား၊ ဘာဖြစ်လို့အဲ့လောက်ထိ အကြောက်တရားတွေနဲ့ ကြီးလေးတဲ့ပုဒ်မတွေနဲ့ စိုးရိမ်သောကတွေကို၊ ခံပြင်းမှုတွေကို၊ မကျေနပ်ချက်တွေကို ဖြစ်ပေါ်နေကြသလဲ။ ဒါတွေကိုကုစားနိုင်ဖို့အတွက် ဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့အစည်း တစ်ရပ်လိုအပ်တယ်လို့ ကျမတို့ဘက်ကသုံးသပ်တဲ့အတွက် ဒီကော်မတီကိုဖွဲ့စည်းတာဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းသို့ ANP ပါတီမှဖွဲ့စည်းသည့် ဥပဒေအထောက်အကူပြုကော်မတီတွင် ဦးကျော်သန်း (အထက်တန်း ရှေ့နေ)၊ ဦးသာပွင့် (အထက်တန်းရှေ့နေဟောင်း)၊ ဦးဘရှိန် (တရားလွှတ်တော်ရှေ့နေ)၊ ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)၊ ဦးတင်ညို (တရားလွှတ်တော်ရှေ့နေ) နှင့် ဦးထွန်းအောင်ကျော် (အထက်တန်းရှေ့နေ) တို့ ပါဝင်သည်။
ရသေ့တောင်မြို့တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့်စာပေဟောပြောပွဲတွင် နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးစေသည့် အသုံးအနှုန်းမျိုးဖြင့် ဟောပြောခဲ့ကြောင်း စာပေဟောပြောသူနှစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အပါအဝင် ၎င်းပွဲကိုစီစဉ်သူကိုပါ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ အပါအဝင် ပုဒ်မ ၁၇(၁)(၂) နှင့် ၅၀၅ (ခ)(ဂ) တို့ဖြင့် အမှုဖွင့်ထားကြောင်း အစိုးရကထုတ်ပြန်ထားသည်။
မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း ဦးဆောင်သူများကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
“ မြောက်ဦးကိစ္စမှာ ဒဏ်ရာရတဲ့ လူတွေအပေါ်မှာ စွဲဆိုထားတဲ့ ကိစ္စတွေအပေါ်မှာ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့လူတိုင်းဟာ ပြစ်မှုကျူးလွန်ခြင်းမြောက်သလားဆိုတဲ့ တစ်ချက်၊ ပြစ်မှုကျူးလွန်တဲ့အခါမှာ ပြစ်မှုရဲ့ အတိမ်အနက်ဟာ တည်ဆဲဥပဒေတွေမှာ ဘာဥပဒေနဲ့ ညီညွတ်သလဲ၊ ဘယ်လိုမျှမျှတတ အရေးယူသင့်သလဲ။ အခုတော့ တအားကို ပြင်းထန်တဲ့ ပုဒ်မတွေနဲ့စွတ်စွဲပြီးတော့ မဟုတ်ရင်တော့ ဖြေရှင်းကြပေါ့ဆိုတာဟာ ကျမတို့ရဲ့ ဥပဒေလုပ်ထုံး လုပ်နည်းတွေ၊ တရားစွဲဆိုမှုတွေနဲ့တော့ မညီညွတ်ဘူးလို့တော့ ကျမမြင်တယ်။ ” ဟု ဒေါ်အေးနုစိန်က ပြောသည်။
အဆိုပါ မြောက်ဦးအဓိကရုဏ်းဖြစ်စဉ်အတွင်း အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ကာ ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်သူ ၁၂ ဦးတွင် စစ်တွေဆေးရုံကြီး၌ ပြင်းထန်ဒဏ်ရာဖြင့် တက်ရောက်ကုသနေသူ ၈ ဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ၎င်းဆေးရုံရှိ အချုပ်သားလူနာဆောင်သို့ ပြောင်းရွှေ့လိုက်ကြောင်းသိရသည်။




