ခိုင်မင်း (ကျောက်ဖြူ)၊ DMG

အောက်တိုဘာ ၁၊ ကျောက်ဖြူ

ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းရဲကင်းစခန်းကို တခြားကျေးရွာတစ်ခုသို့ ပြောင်းရွေ့ကာ ချပေးထားသည့် အတွက် မြို့ချောင်းကျေးရွာသားများ စက်တင်ဘာလ ၃၀ ရက်နေ့က ဆန္ဒထုတ်ဖေါ်မှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

အဆိုပါ မြို့ချောင်းရဲကင်းစခန်းကို အဆင့်မြှင့်တင်ပေးနိုင်ရန် (၂၀၁၆)ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၈ခုနှစ်တွင် တစ်ကြိမ် တင်ပြတောင်းဆိုခဲ့ရာ ၊  မြို့ချောင်း ရဲကင်းအား အဆင့်မြှင့် ချပေးထားသော်လည်း  မြို့ချောင်း ကျေးရွာတွင် ချပေးထားခြင်းမဟုတ်ဘဲ ကပိုင်ချောင်းကျေးရွာ၌ ချထားပေးခြင်းကြောင့် ဒေသခံများက မကျေနပ် ဖြစ်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။

"မြို့ချောင်း ရဲကင်းစခန်း တည်ဆောက်ထားတာကြာပြီ၊ အရင်ကဆိုရင် မြို့ချောင်းမြို့နယ်ခွဲ လက်ထောက် မြို့ပိုင်ရုံးစိုက်ရာ နေရာဖြစ်ပြီး လုံခြုံရေးအပြည့်ရှိခဲ့တယ်၊ ယခုလည်းပဲ ရဲကင်းစခန်းဝင်းအတွင်း နှစ်ထပ်ဆောင် လက်ထောက်မြို့ပိုင်ရုံးဟောင်း အပါ အဝင် ရဲစခန်းအဆောက်အဦး အပြည့်အစုံရှိတယ်၊ (၃)ဧကခန့်ရှိ ပြည်ထဲရေးဌာနပိုင် မြေနေရာလည်းရှိတယ်၊ နောက်တစ်ခုက ခေတ်အဆက်ဆက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသလုံခြုံရေး၊တရားဥပဒေစိုးမိုးရေးတို့ကို ပူးပေါင်းဆောင်ရွက်နေပါလျှက် မြို့ချောင်းရဲစခန်းအား ကပိုင်ချောင်း ကျေးရွာသို့  ပြောင်းရွှေ့ဖွင့်လှစ်မယ်လို့  သတင်းကြားရတော့ တော်တော်လည်း စိတ်မကောင်းဖြစ်မိတယ်" ဟုမြို့ချောင်းဒေသခံ  ကိုထွန်းကြွယ်မှ ပြောသည်။

မြို့ချောင်းရဲကင်းစခန်းကို အဆင်မြှင့်တင်ပေးရန် တောင်းဆိုခဲ့ခြင်းမှာ ကျောက်ဖြူမြို့နှင့် ရေမိုင် ၂၈ မိုင်ခန့် ဝေးကွာသွားသဖြင့် ဒေသအတွင်း မှုခင်းဖြစ်ပွားလာပါက ကျောက်ဖြူမြို့သို့ သွားရောက်ကာ အမှုဖွင့်ရသည့် အတွက် အချိန်ကုန်ခြင်း၊ ငွေကြေးများကုန်ကျမှုရှိခြင်း တို့ကြောင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အဆင့် မြှင့်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ပွဲသို့ အမှတ်(၇) မြို့ချောင်းတိုက်နယ်ရှိ အုပ်စု(၃)အုပ်စု၊ ကျေးရွာ(၁၃)ရွာမှ လူ(၁၀၀၀)ကျော် ခန့်ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနပိုင်မြေတွင် ပြည်ထဲရေး ရဲစခန်းထားရှိရေး၊ အဆင့်တိုးနယ်မြေရဲစခန်းအား မြို့ချောင်းတွင် ဖွင့်လှစ်နိုင်ရေး၊ ပြည်သူ့ဆန္ဒ အလေးမထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား အလို မရှိ စသည့်ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။