ချလူးအောင် l DMG
ဇူလိုင် ၂၈၊ စစ်တွေ
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာက မွတ်ဆလင်တစ်ဦးမှာ ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု ဒဏ်ရာရရှိသူ၏ဖခင် က DMG ကိုပြောသည်။
ရွာအနီးသို့ လက်နက်ကြီးကျည်များ အဆက်မပြတ်ကျရောက်လာသောကြောင့် အသက် (၁၅)နှစ်အရွယ် လူငယ်မှာ မိမိ၏ နွားများကို ရွာထဲသို့ သွင်းနေစဉ် လက်မောင်းကို ကျည်ဆန်ထိမှန်သွားခြင်းဟု ဒဏ်ရာရသူ၏ဖခင် နှုရ်ဇာမန်က ဆိုသည်။
“လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတယ်။ ရွာအနီးကိုကျလာတွေက အန္တရာယ်သိပ်များတယ်။ အခု ကျွန်တော့်သားလက်မောင်းကို ထိမှန်သွားပြီ ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူကို ဘူးသီးတောင်မြို့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားသည်။
လူဦးရေ ၁၉၃၆ ယောက်နေထိုင်သည့် ဆင်သေပြင်ကျေးရွာအနီးသို့ ထိုသို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက်လာသောကြောင့် ဖုံညိုလိပ်မွတ်ဆလင်ကျေးရွာသို့ ရွာလုံးကျွတ်ထွက်ပြေးသွားကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် လက်နက်ကြီးကျည်ဆန် ထိမှန်၍ ဆင်သေပြင်ကျေးရွာက အသက် (၁၅) နှစ်အရွယ် နှန်မာမောက် ဆိုသူလည်း ဒဏ်ရာရရှိသွားသည်။
စံဂိုးတောင်ကျေးရွာအုပ်စုတွင် ဥယျာဉ်သာ၊ ချရှားတောင်၊ ဆင်သေပြင်၊ ထိပ်တူးပေါက်စသည့် ကျေးရွာ (၆)ရွာ ရှိပြီး ယင်းကျေးရွာအနီးတို့တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားမှုရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကလည်း ဆင်သေပြင်ကျေးရွာက ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို ကျည်ဆန်ထိမှန်သွားသောကြောင့် ဗိုက်ထဲရှိ ကလေးငယ်သေဆုံးသွားသည်။




