စိုးအောင် | DMG
ဇူလိုင် ၁၉၊ စစ်တွေ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပေါက်တူးတောင်ကျေးရွာအတွင်းသို့ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ၊နံနက်(၉)နာရီတွင် လက်နက်ကြီးကျည်စများ ကျရောက်လာသဖြင့် ဒေသခံများ စိုးရိမ်မှုများရှိနေကြသည်။
လက်နက်ကြီးကျည်စများ ကျေးရွာအတွင်းသို့ ကျရောက်သဖြင့် ရွာသားများမှာ ဘုန်တော်ကြီးကျောင်း၌ ပုန်းခိုနေကြရသည်ဟု ကျေးရွာသားမျာကပြောသည်။
“ရွာသားတွေက စိုးရိမ်ကြောက်လန့်ပြီးတော့ အပြင်ကို ထွက်မသွားဝံ့ကြတော့ဘူ။ အိမ်တွေကို တံခါးပိတ်ပြီး နေကြတယ်။ ရွာအပြင်ဘက်က ရွာသားတွေဆိုရင် ဘုန်းတော်ကြီးကျောင်းမှာ သွားပြီးနေကြတယ်” ဟု ပေါက်တူးတောင်ဒေသခံ ဦးမောင်သန်းဌေးက ပြောသည်။
ဇူလိုင်လ ၁၈ ရက်နေ့က အမ်းမြို့နယ်၊ မဲသံကြိုးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တွင် တပ်မတော်က ရေတပ်သင်္ဘောနှစ်စီးဖြင့် မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်အကြား တောင်ဆိတ်မြစ်သို့လာရောက်ကာ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် AA ဘက်က ထိုရေတပ်သင်္ဘောများကို တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဟု မြေပုံမြို့ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက DMG ကိုပြောသည်။
“အဲဒီနေရာကိုလာပြီးတော့ မြေပုံမြို့နဲ့ အမ်းမြို့နယ် နယ်စပ်မြစ်ကို နေဗီနှစ်စီးလာပြီးတော့ မနေ့ကဖြစ်ခဲ့တဲ့နေရာကို အမြောက်နဲ့ပစ်တယ်။ အဲဒီအချိန်မှာ အေအေတပ်ဖွဲ့က လာပြီးတော့ RPG နဲ့ ပစ်တယ်လို့ ပြောတယ်။ ” ဟု ဒေသခံများ၏ ပြောပြချက်ကို ကိုးကား၍ ၎င်းက ဆိုသည်။
လက်ရှိတွင် တပ်မတော်ရေတပ်သင်္ဘောနှစ်စီးသည် ပြန်လှည့်ထွက်သွားပြီဟုလည်း ဦးဖေသန်းက ဆက်လက် ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ခဲ့ရာတွင် ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။ AA ကို ဆက်သွယ်ရာတွင်လည်း ညနေပိုင်းတွင်သာ ယင်းအခြေအနေများကို ပြောပြနိုင်မည်ဟု ဆိုသည်။
ပေါက်တူးတောင်ကျေးရွာသည် ယခုတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာနှင့် (၂)မိုင်ခန့်ဝေးကွာပြီး ယင်းတိုက်ပွဲမှ ကျည်စများသည် ရွာထဲသို့ကျရောက်လာခြင်းဟု ဒေသခံများက ဆိုကြသည်။
တပ်မတော်နှင့်AA တို့သည် ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ဦးရွာနှင့် ထောင်လောင်ပွန်းရွာအကြားတွင် လည်းကောင်း၊ အမ်းမြို့နယ် မဲသံကြိုးရွာအနီးနှင့် ဘူးသီးတောင်မြို့နယ်၊ ကံပြင်ကျေးရွာအနီးတို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။




