
သြဂုတ် (၂) ရက်၊ ၂၀၁၈ ခုနှစ်၊ ခင်သရဖီဦး/DMG
မြန်မာနိုင်ငံ၏ လက်ရှိပညာရေးအခြေအနေများမှာ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြုပြင်ပြောင်းလဲနိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က စစ်တွေနည်းပညာတက္ကသိုလ်တွင် တက္ကသိုလ်သုံးခုမှ ကျောင်းသား၊ ကျောင်းသူများမှ သုံးသပ်ဆွေးနွေးခဲ့ကြသည်။
“လက်ရှိပညာရေးအခြေအနေ ဘယ်လိုလဲ” ခေါင်းစဉ်ဖြင့် စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)နှင့် နည်းပညာတက္ကသိုလ် (စစ်တွေ)တို့မှ ကျောင်းသားကျောင်းသူများမှာ တစ်နာရီခွဲခန့်အကြာ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အကောင်အထည်ဖော်ရန် ခေါင်းစဉ် ၉ ခု ထွက်ရှိခဲ့ကြောင်း ကျောင်းသားများသမဂ္ဂ (စစ်တွေနည်းပညာတက္ကသိုလ်) မှ ဥက္ကဌ ကိုကျော်နိုင်ဌေးက ပြောသည်။
“ လက်ရှိ ကျောင်းသားတွေက ဘယ်လောက်အခွင့်အရေးရှိလဲ၊ ပညာရေးဥပဒေက ဘယ်လောက်ရှိပြီးလဲ၊ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေနေက ဘယ်လိုရှိလဲ၊ ပညာရေးကဏ္ဍကို လက်ရှိ အစိုးရအနေနဲ့ ဘယ်လောက်ထိ လုပ်ကိုင်ဆောင်ရွက်နေလဲ၊ ပညာသင်တဲ့အချိန်မှာ ကောင်းတဲ့အကျိုးကျေးဇူးက ဘယ်လောက်ရှိလဲ ၊ ပညာရေးနဲ့ပတ်သတ်ပြီး ကျောင်းပြီးသွားလို့ရှိရင် အလုပ်အကိုင်အခွင့်လမ်း ဘယ်လောက်ရှိလဲ။ နောက်ပြီး သမဂ္ဂတွေ ဘယ်လောက်ထိ လွတ်လပ်ခွင့်ရှိလဲ။ အဲဒါတွေကို ဆွေးနွေးဖြစ်ပါတယ်။ ” ဟု ပြောသည်။
ကျောင်းပြီးသွားပါက အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် SME စီးပွားရေးကဏ္ဍကို လူငယ်များ အကောင်အထည် ဖော်ရန်လိုအပ်ကြောင်းနှင့် အစိုးရမှလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း ကိုကျော်နိုင်ဌေးက ပြောသည်။
တက္ကသိုလ်များတွင်လည်း ယခင်ကထက် ထိန်းချုပ်မှုနည်းသွားကြောင်း၊ ယခင်ကဆိုလျှင် ကျောင်းသားများ၏ လိုအပ်ချက်များ တင်ပြခြင်းနှင့် သမဂ္ဂဖွဲ့စည်းရေးကို လုပ်ပိုင်ခွင့်မပေးခဲ့သော်လည်း ယခုအခါ လုပ်ပိုင်ခွင့် ရရှိလာကြောင်း၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တွင်လည်း ကျောင်းသားသမဂ္ဂအဖွဲ့အား ပါဝင်ခွင့်ပြုကာ ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်များကို ဆွေးနွေးခွင့်ပြုကြောင်း ၄င်းက ပြောသည်။
အဆိုပါ ပညာရေးဆွေးနွေးပွဲကို တက္ကသိုလ်ကျောင်းအလိုက် ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးမှုများ ရလဒ်များကိုလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ အကောင်အထည်ဖော်သွားမည်ဟု ကိုကျော်နိုင်ဌေးက ပြောသည်။




