
ခင်သရဖီဦး / DMG
ဇန်နဝါရီလ ၄ ရက်၊ စစ်တွေ
အိမ်တိုင်ရာရောက်လာပို့သည့် လက်ဆောင်ပစ္စည်းထဲတွင် မူးယစ်ဆေးဝါးများ ပါဝင်သောကြောင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ကျေးရွာမှ အမျိုးသမီးမှာ ဇန်နဝါရီလ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ကျေးရွာရှိ သူမ၏နေအိမ်သို့ ခင်ပွန်းသည်အမည်ဖြင့် လက်ဆောင်ပစ္စည်းများကို အမည်မသိသူတစ်ဦးမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ပေးအပ်ခဲ့သည်ကို လက်ခံခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ သတင်းအရ လာရောက်ရှာဖွေရာတွင် အဆိုပါလက်ဆောင်ပစ္စည်းထဲမှ မူးယစ်ဆေးဝါးများ တွေ့ရှိ၍ ၎င်းအမျိုးသမီးမှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက်တွင် လက်ဆောင်ပစ္စည်းများ လာပို့ပေးသည့် ဆိုင်ကယ်ကယ်ရီသမားကို ဖမ်းဆီးခဲ့ပြီး ယခုအခါ ပစ္စည်းလက်ခံခဲ့သည့် အိမ်ပိုင်ရှင်အမျိုးသမီးမှာ လွတ်မြောက်လာပြီဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့်အမျိုးသမီးမှာ ပုဏ္ဏားကျွန်းမြို့နယ် မြေတိုင်းစာရေး ဦးမောင်ပန်းဖြူ၏ဇနီးဖြစ်ပြီး လက်ဆောင် ပစ္စည်းများကို မိမိအမည်ဖြင့် လာရောက်ပေးပို့ခြင်းမှာ လုပ်ကြံခြင်းသာဖြစ်ကြောင်း ဦးမောင်ပန်းဖြူက DMG ကို ပြောဆိုထားသည်။
“ဘယ်လိုမျိုး လွတ်လိုက်တာလဲတော့ မသိဘူး။ အပြစ်မရှိလို့ လွတ်လိုက်တာထင်တယ်။ အင်္ဂါနေ့က ည ၉ နာရီ ကျော်လောက်က လွတ်လာတယ်။ သက်သေအနေနဲ့ခေါ်ရင်တော့ လိုက်ရမယ်လို့ပြောတယ်။ အဲဒီလူ အမှန်တကယ် လက်ဆောင်ပို့ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ပေါ့ ” ဟု ဦးမောင်ပန်းဖြူက ပြောသည်။
လက်ဆောင်ပစ္စည်းလာပို့ပေးသည့် ဆိုင်ကယ်ကယ်ရီသမားကို ဖမ်းဆီးထားသော်လည်း စစ်ဆေးဖော်ထုတ်မှုများ မတွေ့ရသေးကြောင်းလည်း ၎င်းကဆိုသည်။
“ဆိုင်ကယ်ဘေးတွဲသမား ပေးလာတဲ့သူကို ရုံးတင်မယ်လို့တော့ ပြောတယ်။ အခုချိန်ထိ စစ်ဆေးတာတွေ တစ်ခုမှမကြားသေးဘူး။ ရဲတွေကလည်း သူကိုဘယ်သူပေးခိုင်းလဲတို့ ဘာတို့ကိုတစ်ခုမှ ဖော်ထုတ်တယ် လို့တော့ တစ်ခုမှမကြားရသေးပါဘူး” ဟု ဦးမောင်ပန်းဖြူက ဆိုသည်။




