
စိမ်းကိုကို / DMG
ဧပြီ ၁၁ ၊ စစ်တွေ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် လုံခြုံရေးစစ်ကြောင်းနှင့် အရပ်ဝတ် ဝတ်ဆင်ထားသော AA အဖွဲ့တို့ ၂ နာရီ ကြာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်။
ယင်းနောက် AA အဖွဲ့မှ ထိတွေ့မှုဖြစ်ပွားရာ အရှေ့ဘက်အနီးရှိ လက္ကာကျေးရွာအတွင်းသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ကျေးရွာအတွင်းသို့ လိုက်လံရှင်းလင်းရာ ကျေးရွာအတွင်းတွင် ရွာသူ/ရွာသားများနှင့် ရောနှောတပ်ဖျောက်ထားသော ရွာခံမဟုတ်သည့် မသင်္ကာဖွယ် ရွာသား ၂၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။
သို့သော် လက္ကာကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူမှာ ၂၇ ဦးဖြစ်ပြီး ကျေးရွာသားမဟုတ်သူ ၈ ဦးနှင့် ကျန် ၁၉ ဦးမှာ ရွာခံသားများဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ရွာကိုဝင်ပြီးတော့ လိုက်ရှာတယ်၊ အိမ်တစ်အိမ်က စာရင်းတစ်ခုရတယ်။ ရွာမှာ ရွာကင်း စောင့်တဲ့စာရင်း၊ လူက ၃၅ ဦးပါတယ်။ ဒါကို AA စာရင်းဆိုပြီးတော့ စစ်တဲ့အခါ ၁၉ ယောက်ရတယ်။ ကျနော့်ကိုသိလားမေးတော့ သိတယ်၊ ဒီလူတွေက လူကောင်းတွေပါ၊ ဒီအဖွဲ့ဟာလည်း ရွာကင်း စောင့်တဲ့ အဖွဲ့သာဖြစ်တယ်လို့ပြောတယ်။ နောက်ပြီးသူတို့က ရွာထဲမှာ သေနတ်ရှိနိုင်တယ်လို့လည်း ပြောသေးတယ်။ ကျနော်က ရွာထဲဝင်မွှေပါလို့ပြောတော့ မမွှေခဲ့ဘူး” ဟု လက္ကားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမြင့်က ပြောသည်။
လက်ရှိဖမ်းဆီးခံရသူ ၂၇ ဦးထဲမှ အခြားကျေးရွာသား ၈ ဦးမှာ လက္ကားကျေးရွာတွင် အိမ်ဆောက် လုပ်ရန်ရောက်ရှိနေသူ လက်သမား ၂ ဦးနှင့် ကျန် ၆ ဦးမှာ အခြားကျေးရွာမှ ငွေထုတ်ရန်ရောက်ရှိ နေသူများနှင့် ကျေးရွာသို့အလည်အပတ်ရောက်ရှိနေသူများပါဝင်ကြောင်းလည်း ၎င်းကဆိုသည်။
“ကျနော့်မှာ သားတစ်ယောက်နဲ့ တူတစ်ယောက်ပါသွားတယ်။ မနေ့က ညနေက လက်သမားကြီး ပြောလို့ သိရတာ။ အခုအချိန်ထိ သူတို့နဲ့မတွေ့ရသေးဘူး။ လောလောဆယ် မြောက်ဦးမြို့ကို ခေါ်သွားတယ်လို့ပဲ သိရတယ်” ဟု ဖမ်းဆီးခံရသည့် လက်သမား၂ ဦး၏ မိသားစုဝင်ဖြစ်သူ ဦးကျန်မောင်က ပြောသည်။
ဖမ်းဆီးခံရသည့် လက်သမား ၂ ဦးမှာ အခြားကျေးရွာမှ လက္ကားကျေးရွာရှိ ဦးမောင်စံမြ၏ နေအိမ်အား ဆောက်လုပ်နေခြင်းဖြစ်သည်။
“သူတို့ရောက်တာက တပေါင်းလပြည့်နေကနေ ရောက်နေကြတာပါ။ ကျနော့်အိမ်ကို ဆောက်နေ ကြတာ။ သူတို့ကို ဧည့်သည်တွေထွက်ဆိုပြီးတော့ လူစုထားတာကခေါ်ထုတ်ပါတယ်။ ပြီးတော့ နောက်ပြန်ကြိုးချည်ပြီးခေါ်ယူသွားတယ် ”ဟု ဦးမောင်စံမြက ပြောသည်။
ဖမ်းဆီးခံရသူ ၂၇ ဦးတွင် မြောက်ဦးဘက်သို့ ၂၃ ဦး ခေါ်ဆောင်သွားပြီး ကျန် ၄ ဦးကို တိမ်ညိုဘက်သို့ ခေါ်ဆောင်သွားသည်ဟု လက္ကာကျေးရွာသားများမှ ပြောဆိုကြသည်။
တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖမ်းဆီးထားသူ ၂၃ ဦးအား ကျေးရွာရှိရပ်မိ/ရပ်ဖများနှင့် ရွာခံများအားပြသရာ ၎င်းတို့ရွာသားများမဟုတ်သည့် မျက်နှာစိမ်းများဖြစ်ကြောင်းသိရှိရသဖြင့် ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းတို့မှာ AA အဖွဲ့မှ သာထွန်းစံခေါင်းဆောင်သည့် အဖွဲ့ဝင် ၃၅ ဦးပါအဖွဲ့မှ သိန်းထွန်းစိန်ပါ ၁၃ ဦး၊ စိစစ်ဆဲ ၁၀ ဦး၊ ပေါင်း ၂၃ ဦးဖြစ်ကြောင်း၊ ၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် ဖွဲ့စည်းပုံ စာရွက်စာတမ်းများအရသိရှိရပြီး အသေးစိတ်အား ဆက်လက်စစ်ဆေးလျက်ရှိသည်ဟု ပါရှိသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG ကဆက်သွယ်မေးမြန်းရာတွင် ဖမ်းဆီးထားသူမှာ ၂၃ ဦးဖြစ်ပြီး လုံခြုံသည့်နေရာတွင်ရှိကာ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး မဆိုင်သူများကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ဆိုသည်။
“ကျွန်တော်တို့လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်မယ်။ စစ်ဆေးမှုတွေလုပ်ပြီးတော့မှ ခိုင်လုံတိကျတဲ့ အထောက်အထားရတယ်ဆိုရင် မဆိုင်တဲ့လူတွေကိုလွှတ်ပေးမှာပေါ့။ ဆိုင်တဲ့လူတွေကိုတော့ ဥပဒေ စည်းကမ်းစည်းမျဉ်းအတိုင်းလုပ်မှာပေါ့။ ကျွန်တော်တို့ မနေ့ကရတဲ့ ၂၃ ယောက်ဆိုတာ သူရဲ့ ဖွဲ့စည်းပုံ ၃၇ ယောက်ရှိတယ်။ အဲဒီစာရင်းက လူတွေနဲ့ နာမည်တိုက်ဆိုင်ပြီးတော့မှ စစ်တဲ့အခါ အဲဒီလူတွေ ပါလာတာ။ ဘာ ရွာသားမှမပါဘူး ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။




