
သြဂုတ် ၁၅၊ ခင်သရဖီဦး
မြောက်ဦးမြို့နယ် လင်းမြွေတောင်မှ ဆယ်စုနှစ်တစ်ခုကြာ လုပ်ကိုင်လျှက်ရှိသည့် ကျောက်ထုတ်လုပ်ငန်းကို ရပ်တန့်ထားရန် ဒေသခံထိပ်ဝပြင်ရွားသားများက တောင်းဆိုနေကြကြောင်းသိရသည်။
အဆိုပါ လင်းမြွေတောင်တန်းမှ ကျောက်ထုပ်လုပ်ခြင်းကို ၂၀၀၇ ခုနှစ်မှစတင်ကာ လက်ရှိအချိန်ထိ ထုတ်ယူနေခြင်းကြောင့် တောင်တန်းတစ်ခုလုံး ပျောက်ကွယ်သွားနိုင်ပြီး လင်းမြွေတောင်တန်းမှာ ဒေသတွင်းရှေးဟောင်း သမိုင်းဝင်နယ်မြေတစ်ခုဖြစ်သလို တောင်တန်းကိုမှီခိုပြီး ဟင်သီးဟင်းရွက်စိုက်ပျိုးခြင်း၊ ထင်းနှင့်တခြားသော တပိုင်တနိုင်စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက်ပါ အခက်အခဲများရှိနေသည့်အတွက်
လင်းမြွေတောင်တန်းမှ ကျောက်ထုပ်လုပ်ခြင်းကို ရပ်တန်းပေးရန်တောင်းဆိုခြင်းဖြစ်ကြောင်း ထိပ်ဝပြင်ကျေးရွာမှ ဒေသခံ ဦးရွှေဝင်းကပြောသည်။
“ ကျနော်တို့ ရွာသူရွာသားတွေက အားလုံးက တောတောင်မှီိပြီး ဟင်းသီး၊ ဟင်းရွက်၊ ဆန်၊ရေကနေ စပြီး မှီခိုနေကြတာပါ။ ပြီးတော့ ဒီတောင်တန်းဟာဆိုရင် ရခိုင်သမိုင်းမှာလဲ ပါရှိတာပေါ့။ ကျနော်တို့ အမြင်ကတော့ ဒီတောင်တွေက ကျောက်တွေကို ထုတ်ယူမှုကို ရပ်သင့်ပြီထင်ပါတယ်။ ဘာလိုလဲ ဆိုတော့ နောက် ၅နှစ်လောက်ဆိုရင် ဒီတောင်တန်းတစ်ခုလုံး ဆုံးရှုံးသွားမှာကို မလိုချင်ပါဘူး ” ဟုပြောသည်။
လင်းမြွေတောင်သည် ထိပ်ဝပြင်ကျေးရွာအနီးတွင်တည်ရှိပြီး ရွာသူရွာသူများ၏ ထင်းများ၊စားသောက်ဖွယ်ရာ သစ်ဥသစ်ဖုများ၊ တောတောင်သဘာဝ ဟင်းသီးဟင်းရွက်များ၊ ကိုဖြည့်စည်းပေးသည့်အပြင် နွေရာသီသောက်သုံးရေ ရှားပါးချိန်တွင်လည်း ထိုလင်းမွေတောင်မှ ထွက်ရှိသည့် စိမ့်စမ်းရေးများကိုမှီခိုအားထား၍ အသက်ဆက်နိုင်သည့်တောင်တန်းကြီးဖြစ်ကြောင်းလည်း ဒေသခံများကပြောသည်။
လင်းမြွေတောင်တန်းမှ ကျောက်ထုတ်လုပ်နေမှုနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးအား မေးမြန်းရာတွင် စီးပွားရေးလုပ်ငန်းရှင် ၃ ဦးကို ဘတ်ဂျတ်နှင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်းပြောသည်။
“ ကျနော်တို့ အနေနဲ့ကတော့ ဘတ်ဂျတ်နဲ့ခွင့်ပြုထားတာပါ။ စီးပွားရေးလုပ်ငန်းရှင်သုံးဦးကိုပေါ့။သူတို့ကို အထက်ခရိုင်ကနေ ခွင့်ပြုထားတာလဲဖြစ်ပါတယ်။ ”ဟု မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က ပြောသည်။
လင်းမြွေတောင်တန်းကြီးသည် ယနေ့အချိန်ခါတွင် ဖွံဖြိုးတိုးတက်ရေး အကြောင်းပြု၍ စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်ခြင်းကြောင့် ခံယူနေရပြီး ယခုကဲ့သို့ ကျောက်များကို ဆက်လက်ထုတ်ယူနေပါက တောင်တန်းတစ်ခုလုံး ပျောက်ဆုံးသွားမည်ကို ဒေသခံအများနေဖြင့် စိုးရိမ်နေကြခြင်းလည်းဖြစ်သည်။




