(ရခိုင်အမျိုးသားပါတီ - ANP ၏ စစ်တွေရှိ ဗဟိုဌာနချုပ်ရုံး။ ဓါတ်ပုံ - ဖဒူ ထွန်းအောင်/DMG)

မေလ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။   ။   မကြာမီကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံသို့ တက်မည်၊ မတက်မည်ကို လာမည့် မေလ ၁၂ ရက်နေ့ နေပြည်တော်မှာပြုလုပ်မည့် UPDJC ၏ ရလဒ်အပေါ် ဆုံးဖြတ်ချက်ချမည်ဟု ရခိုင်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေး ဦးထွန်းအောင်ကျော်က DMG သို့ ပြောကြားသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၁ ပင်လုံ တက်မတက် ကိစ္စအပါအ၀င် ပါတီတွင်း အခြားကိစ္စများ ဆွေးနွေးခဲ့သည့် CEC အစည်းအဝေးကို ယနေ့ (မေလ ၁၀ ရက်) စစ်တွေရှိ ပါတီဗဟိုဌာနချုပ်ရုံး တွင် နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့သည်။

မေလ ၁၂ ရက်နေ့ ပြုလုပ်မည့် UPDJC ၏ လုပ်ငန်းကော်မတီ အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် တက်ရောက်မည်ဖြစ်ပြီး ယင်းအစည်းအဝေး၏ ရလဒ်အပေါ်မူတည်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံကို တက်မတက် အဆုံးအဖြတ်ပေးမည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ကျနော်တို့ ရခိုင်ပြည်နယ်ထဲမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခုထိ လုပ်ခွင့်မရသေးဘူး။ အဲ့ဒီအပေါ်မှာ ကျနော်တို့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ တင်ပြဆွေးနွေးတယ်။ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က UPDJC အစည်းအဝေးတက်မယ်။ အဲ့ဒီ UPDJC အစည်းအဝေးမှာ ဘယ်လိုရလဒ်တွေ ဘယ်လိုဆုံး ဖြတ်ချက်တွေ ထွက်လာမလဲ။ အဲ့ဒီနောက်ပိုင်းမှာမှ ဆက်ပြီးတော့ ဖြစ်ပေါ်တိုးတက် မှုတွေအပေါ်မှာပဲ မူတည်ပြီးတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် မဖြစ်မနေလိုအပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ရခိုင်အမျိုးသားပါတီအနေဖြင့်လည်း ထောက်ခံကြိုဆိုကြောင်းနှင့် လုပ်ငန်းစဉ်အဆင့်တိုင်းတွင်လည်း ပါဝင်ဆောင်ရွက်သွားလိုကြောင်း ဦးထွန်းအောင်ကျော်က ဆက်လက်ပြောကြားသည်။

ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဖက်ကလည်း ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်နိုင်ရန် အတွက် ပါတီတွင်းသော်လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများနှင့် သော်လည်းကောင်း၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ သော်လည်းကောင်း တိုင်ပင်ဆွေးနွေးရဦးမည်ဟု မေလ ၆ ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ကို လာမည့် မေလ ၂၄ ရက်နေ့တွင် ကျင်းပရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စီစဉ်ထားသည်။

Author: ညိုထွန်း
. အကြီးတန်း သတင်းထောက်