(ကျောက်တော်မြို့နယ်အတွင်းမှ ပြုလုပ်ဆဲ ရွာချင်းဆက်ကျောက်ချောလမ်းတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - ညိုထွန်း)

နေရောင်မင်း (စစ်တွေ) / DMG

ဧပြီလ ၆ ရက် ၊ ၂၀၁၈ ခုနှစ် ။        ။ လာမည့် ၆ လတာဘတ်ဂျက်တွင် မူလအဆိုပြုချက်မှာ မပါဘဲ ရခိုင်ပြည်နယ်အစိုးရမှ အသစ်အဆိုပြု တောင်းဆိုထားသော လုပ်ငန်း ၂၀ ထဲမှ ၆၉ ရာခိုင်နှုန်းကို လမ်းခင်း၊လမ်းပြုပြင်ရာ၌ အသုံးပြုသွားမည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ သိရသည်။

အဆိုပါ ၆၉ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်းပေါင်း (၁,၀၃၀)ကို သံတွဲ၊ ဂွ၊ စကုကျွန်းပတ်လမ်းနှင့် ပုစွန်ဖြေ-သပြုန် ရွာချင်းဆက်လမ်း စသည်တို့တွင် ပြုလုပ်မည့် လမ်းတည်ဆောက်ရေးပိုင်းတွင် အသုံးပြုသွားမည်ဖြစ်သည်။

လုပ်ငန်း ၂၀ ထဲမှ သံတွဲ-ဂွကားလမ်းမှ သစ်ပုတ်ကျေးရွာသွားလမ်း ကျောက်စရစ်ဖြင့် Topping ဖုံအုပ်ခင်းကြိတ်၍ အမာခံလမ်းပုခုံးပြုလုပ်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းကို အများဆုံး ၂၀ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်း၂၀ ကို လိုအပ်ချက်အရ၊ စီမံကိန်းရေးဆွဲသည့် ကာလကန့်သတ်ချက်အရနှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အရ ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

“ စီမံကိန်းကတော့ လွှတ်တော်က အကြံပြုတဲ့အပေါ်မှာ တချို့စီမံကိန်းတွေကို လျော့ချဖြတ်တောက်ခဲ့တာတွေ ရှိပါတယ်။ လျော့ချဖြတ်တောက်ခဲ့တဲ့ငွေတွေ ထွက်လာတာရှိပါတယ်။ အဲဒီငွေတွေကို သက်ဆိုင်ရာဌာနတွေကို ပြန်လည်ခွဲဝေပြီးတော့မှ ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီးတော့မှ ပြည်ထောင်စုကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားပါပြီးပြီလို့ ယူဆတဲ့အတွက် ပြည်ထောင်စုကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ ” ဟု ၄င်းက ပြောသည်။

ရခိုင်ပြည်နယ်၏ ၂၀၁၈ ခုနှစ် ၆ လတာ ဘတ်ဂျက်နှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးနေကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အသစ်တင်ပြတောင်းဆိုထားသော လုပ်ငန်း ၂၀ ကို လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုများရှိနေကြောင်း သိရသည်။

သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက လုပ်ငန်း ၂၀ ထဲတွင် ပါဝင်သည့် ရေတွင်းတူးဖော်ခြင်းများကို ကန့်ကွက်ပြီး ရေကန်တူးဖော်ခြင်း ကို ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းထားသည်။

“ အခုခေတ်က ရေတွင်းကနေ ရေမခတ်တော့ဘူး။ အချိန်ကုန်မခံတော့ဘူး။ ရေကန်တူးပြီးတော့ ရေကန်ကနေ ပိုက်သွယ် တစ်ရွာလုံးရမယ်။ အိမ်တိုင်းရေရရင် သူတို့စားပေါက်မရှိတော့ဘူး။ ကျနော်တို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရေတွင်းတတွင်းကို ၁၅ သိန်းပေးတယ်။ အခု အစိုးရမှာ သိန်း ၄၀ ပေးတယ်။ ကျနော်တို့က ၁၅ သိန်းနဲ့ လုပ်ပြီးသွားပြီ။ အဲဒီတော့ ကွာဟနေတယ်။ အခု ၄၀ နဲ့ ချတာကို ဘယ်သူက ဘတ်သလဲ ဌာနက ဘတ်တယ်။ ဒါ့ကြောင့် အဲဒီ ၆ တွင်းကို ကျနော်အနေနဲ့ ငြင်းပယ်သွားပါမယ်။ သံတွဲမြို့မှာ တူးစရာနေရာလည်း မရှိတော့ပါဘူး။ ” ဟု ၄င်းက ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လွှတ်တော်သို့ မတင်ပြဘဲ မြို့နယ် ၅ ခုတွင် ဈေးငါးဈေးတည်ဆောက်ရန် စီစဉ်ခဲ့မှုကို လွှတ်တော်မှ ကန့်ကွက်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် ၆ လတာ ဘတ်ဂျက်တွင် အစိုးရမှ ပြန်လည်ထည့်သွင်းခြင်းကိုလည်း ရခိုင်ပြည်နယ်လွှတ်တော်မှ ကန့်ကွက်ထားသည်။

ရခိုင်ပြည်နယ် ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလ ၆ လတာအတွင်း ပြုလုပ်မည့် စီမံကိန်းများအတွက် ပြည်ထောင်စုအစိုးရမှ ထောက်ပံ့သည့် ဘတ်ဂျက်မှာ ကျပ်သန်းပေါင်း (၇၀၇၅၃.၇၁၅) ဖြစ်သည်။

ယင်းဘတ်ဂျက်ထဲကမှ လုပ်ငန်း ၂၀ အတွက် ကျပ်သန်းပေါင်း ၁၀၃၀ သန်း အသုံးပြုသွားမည်ဖြစ်ပြီး အားလုံးက ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

Author: နေရောင်မင်း(စစ်တွေ)