
(မေလ ၁၂ ရက်က မီဒီယာများကို ဦးထူးချစ်က လိပ်ကျွန်းလူသတ်မှူကို ရှင်းလင်းခဲ့သည်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)
မေလ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် (DMG) ။ ။ ထိုင်နိုင်ငံ၊ ကော့တောင်၊ လိပ်ကျွန်းလူသတ်မှုအား ပြည်ထောင်စုအဆင့်က ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းတောင်ပိုင်း)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
"ကျွန်တော်တို့ အနေနဲ့ဖြစ်စေချင်တာက အစိုးရအဆင့်အနေနဲ့ ပြည်ထောင်စု Level က သေချာလုပ်စေချင်ပါတယ်။ ဆိုလိုချင်တာက ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလွှတ်တော်တွေ၊ ပြည်သူလွှတ်တော်တွေက ဦးဆောင်ပြီး လုပ်စေချင်ပါတယ်။ အဲဒါမျိုး Hight Level အနေနဲ့ လုပ်တာမျိုးမတွေ့ဘဲနဲ့ တချို့ပညာရှင်တွေ၊ ရှေ့နေတွေ၊ မျိုးရိုးဗီဇနဲ့ ပတ်သက်ပြီး ပို့ပေးတာရှိပါတယ်။ ကျွန်တော်တို့က ဒီထက်မက အစိုးရကိုတောင်းဆိုချင်တာက ပြည်ထောင်စုအဆင့် စုဖွဲ့မှုနဲ့ ဟိုဖက်နိုင်ငံက သတိထားအရေးယူ ဆက်ဆံလာမယ့် ကော်မတီတစ်ခု ဖွဲ့စည်းစေချင်ပါတယ်။" ဟု DMG သို့ပြောသည်။
"လိပ်ကျွန်းမှ ပဲ့တင်သံ ရုပ်သံမှတ်တမ်း သတင်းစာရှင်လင်းပွဲ" ကို ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ Orchid Hotel တွင် မေလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်က ပြုလုပ်ခဲ့သည်။
"လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ အမျိုးသမီးငယ်တွေ အဓမ္မပြုကျင့်ခံရတဲ့ ပြသာနာတွေဟာ ဒီနေ့ ဒီအချိန်ထိ ရှိနေသေးပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ဆောင်ရွက်ပေးနေတဲ့ လက်ရှိအမှုတွေလည်း အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ အစိုးရအနေနဲ့ စနစ်တကျ ၊နည်းပညာအရရော့၊ လူအားငွေအားအရရော့၊ စနစ်တကျ မပြင်ဆင်မချင်း အဲဒီပြသာနာတွေက ရင်ဆိုင်နေရမှာပါ။ ဒါကြောင့်မို့လို့ ဘယ်အစိုးရပဲဖြစ်ဖြစ် ရွေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေအရ အကာအကွယ်ပေးဖို့ကို စနစ်တကျ ပြင်ဆင်ပးပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။" ဟု ဆက်ပြောသည်။
အဆိုပါ "လိပ်ကျွန်းမှ ပဲ့တင်သံ " ရုပ်သံမှတ်တမ်းကို မြန်မာအစိုးရ သတင်းဌာနများတွင် တရားဝင်ထုတ်လွှင့်ခွင်ရရှိရန် ပြန်ကြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ အခွေအားပေးပို့ကာ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတရာအကြောင်းပြန်ကြားခြင်း မရှိသေးသဖြင့် မိမိတို့အစီအစဉ်ဖြင့် မကြာခင်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
ထိုမှတ်တမ်းရုပ်ရှင်သည် အချိန် ၁၂ မိနစ်ကြာမြင့်ကာ စတင်တရားစွဲခံရသည့်အချိန်မှ နောက်ဆုံးအယူခံအထိအား အတိုချုပ်မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။




