စိမ်းကိုကို၊ DMG
စက်တင်ဘာ ၂၆၊ စစ်တွေ
စစ်တွေမြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက လုပ်ကြံသတ်ဖြတ်ခံလိုက်ရသော အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ အချိန်၌ စစ်တွေသုဿန်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
သေဆုံးသူ တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံးမှာ ဇနီးဖြစ်သူနှင့်အတူ စစ်တွေမြို့ရှိ ပြည်လုံးချမ်းသာဘုရားကြီးရှေ့၊ ဝင်္ကဘာကွင်းတွင် ကျင်းပနေသော ဈေးရောင်းပွဲတော်၌ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံလိုက်ရပြီး ၄င်း၏ ဦးခေါင်း နောက်စေ့အပျော့ပိုင်းမှ ဝင်ရောက်ကာ ရှေ့ဖက် နှာခေါင်းအနီးဖောက်ထွက် ၉ မမ သေနတ်ကျည်ဆန် ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း အမှတ် ၂ နယ်မြေရဲစခန်းမှသိရသည်။
သေဆုံးမှုနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ်(၂) နယ်မြေရဲစခန်းမှ (ပ)၉၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကာ တရားခံအား ဖမ်းဆီးရမိနိုင်ရေး လိုက်လံစုံစမ်းလျှက်ရှိကြောင်းလည်း သိရသည်။




