(ရန်ကုန်ရောက် ရခိုင်မျိုးနွယ်စုဝင် ကမန်တိုင်းရင်းသားများအား တွေ့ရစဉ်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)

စိမ်းကိုကို။ ဧပြီလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။   ။  မေ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တောင်ကုတ်မြို့တွင် ကျင်းပမည့် ရခိုင်လူငယ်ညီလာခံတွင် ရခိုင်တိုင်းရင်း သားမျိုးနွယ်စုဝင်တချို့ကို မဖိတ်ကြားနိုင်မှုအပေါ် ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေးကော်မတီမှ ဧပြီလ ၂၇ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေငြာချက်ထဲတွင် တောင်ကုတ်မြို့၏ ပကတိအခြေအနေနှင့် လုံခြုံရေးစိုးရိမ်ချက်များကြောင့် တချို့ မျိုးနွယ်စုဝင်များကို ညီလာခံတက်ရောက်ရန် ဖိတ်ကြားခြင်းမပြုနိုင်သည်ကို သဘောထားကြီးစွာဖြင့် ညို့ငယ်သောစိတ်ဖြင့် တောင်းဆိုအပ်ပါဟု ဖေါ်ပြထားသည်။

ကြေငြာချက်နှင့်ပတ်သက်ပြီး ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြန်ကြားရေးအဖွဲ့က ယခုလို ပြော သည်။

“ စာတမ်းတွေကိုတော့ လက်ခံသွားမယ်။ ရှေ့ဆက်ပြီးတော့လုပ်မဲ့ လုပ်ငန်းတွေမှာလည်း ပူးပေါင်းလုပ်ဆောင်ဖို့ အစီတွေလဲရှိတယ်။ ညီလာခံလုပ်မဲ့ တစ်လျှောက်လုံးမှာလည်း ဖိတ်သင့်မလုပ်သင့်ဆိုတာကို တောက်လျှောက် ခေါင်းစားခဲရတယ်။ အဓိကတော့ လုံခြုံရေးကိစ္စကို စိုးရိမ်တာပါ။ ” ဟု ပြန်ကြားရေးအဖွဲ့ဝင် ကိုမျိုးဆက်အောင်က ပြောသည်။

လက်ရှိပမဆုံးအကြိမ်အဖြစ်ကျင်းပမည့် ရခိုင်လူငယ်ညီလာခံတွင် ကမန်တိုင်းရင်းသားများနှင့် မရာမာကြီး တိုင်းရင်းသားများကို ဖိတ်ကြားခြင်းမရှိသော်လည်း စာတမ်းများကို လက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကမန်တိုင်းရင်းသားများကို ဖိတ်ကြားခြင်းမရှိမှုအပေါ် ကမန်တိုင်းရင်းသားလူမှုကညီရေးအဖွဲ့ ဥက္ကဌဦးထွန်းငွေ ကလည်း ယခုလိုပြောသည်။

“ စာတမ်းလေးတစ်ခုပေါ့၊ ကမန်တွေရဲ့ဆန္ဒသဘောထားတွေကို တင်ပြခွင့်ရအောင်လုပ်ပေးစေချင်တယ်။ လုံခြုံ စိတ်ချိရတဲ့ မြို့လို့ မခံယူနိုင်သေးတဲ့အတွက် လောလောဆယ်ဒီမြို့ကို မလာစေချင်သေးဘူးဆိုရင်လည်း ကျွန်တော်တို့ဖက်ကလက်ခံသွားမယ့်အပိုင်းတွေရှိတယ်။ ဒီတိုင်းပဲ ဖိတ်စာလဲမရောက်၊ စာတမ်းတင်ဖို့လဲ အကြောင်းမကြားတဲ့အခါကျတော့ နည်းနည်း စိတ်ထဲမှာမကောင်းဘူး။ ” ဟု ပြောသည်။

ရခိုင်လူငယ်ညီလာခံကို လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်လမ်း၊ လူငယ်နှင့် ပညာရေး စသည့် အကြောင်းအရာ ၄ ခုအပေါ် အဓိထားပြီးဆွေးနွေးသွားမည်ဖြစ် ကြောင်းလည်း သိရသည်။