
(ဖေဖော်ဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒမိတ်တက်ဖြန့်ချီခြင်း အခမ်းအနား။ ဓါတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး)
ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ။ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချီခြင်း ရှင်းလင်းပွဲကို ဖေဖော်ဝါရီလ နောက်ဆုံးအပတ်အတွင်း ရခိုင်တွင်ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ်ရေးရာrမူဝါဒ မိတ်ဆက်ဖြန့်ချီခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သော ရခိုင်လူငယ်များထံမှ သိရသည်။
ရခိုင်ပြည်နယ်မှ တက်ရောက်ခဲ့သည့် ကိုမင်းခန့်မောင်မောင်က " ပြည်နယ်နဲ့တိုင်း အလိုက် ကိုယ့်လူငယ်တွေကြားမှာ ပြန်ချပြဖို့တော့ ရှိတယ်ဗျာ။ ဒီမူဝါဒရေးရာ စာအုပ်ကြီးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က လူငယ်တွေကို ချပြဖို့ရှိပါတယ်။ ဒီဟာတွေက ပေါ်လဆီတွေပါ။ ဆက်လက်ပြီးတော့ လုပ်ရမယ့် မဟာဗျူဟာတွေကို အကောင်အထည်ဖော်သွားဖို့ရှိပါတယ်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကို လုပ်ဖို့လို့တော့လျာထားပါတယ်။ နေရာတွေကိုတော့ သေချာမရွေးရသေးပါဘူး။ " လို့ DMG သို့ ပြောသည်။
အဆိုပါမြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနားကို ဖေဖော်ဝါလ ၅ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ တွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က " အခုကျွန်မတို့ ဒီနေ့ အခမ်းအနားကို ဧည့်သည်တော်များအားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ အထူးသဖြင့် ဒီအခမ်းအနားနဲ့ သက်ဆိုင်တဲ့ လူငယ်တွေကိုလည်း နှုတ်ခွန်းဆက်ပါတယ်။ အဲတော့ ကျွန်မတို့ဟာ လူငယ်တွေရဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် အထူးအလေးထားပြီး လုပ်ရတယ်ဆိုတာဟာ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်မှာ တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ လူငယ်တွေဆိုတာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပါ။ ဒါပေမယ့် ကျွန်မ လူငယ်တွေကို အမြဲတမ်းသတိပေးရတယ်။ လူငယ်တွေဆိုတာ ထာဝရငယ် နေတာ မဟုတ်ဘူး။ တစ်ချိန်တစ်ခါမှာ ကြီးသွားမှာပဲ။ အဲတော့ တစ်နည်းအားဖြင့် ပြောရရင် ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါဟာ Process တစ်ခုပါ။ " လို့ မနေ့က အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထိုမြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒမိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနား နေပြည်တော်သို့ ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ကိုမင်းခန့်မောင်မောင်၊ ရမ်းဗြဲမြို့နယ်မှ ကိုစောကလျာထွန်းနှင့် ကိုဇော်ထွေးနိုင်တို့ ၃ ဦးတက်ရောက်ခဲ့ကြောင့် သိရသည်။
" ကျွန်တော်တို့က ရခိုင်ပြည်နယ်က လူငယ်ကိုယ်စားပြုတော့ မဟုတ်ဘူးပေါ့နော်။ အရင်တုန်းက AYFဆိုတာရှိတယ်။ Arakan Youth Form ပေါ့။ အဲဒီကနေ လူငယ်ကိုယ်စားလှယ် ၁၂ ယောက်ထဲက ၃ ယောက်က မူဝါဒရေးဆွဲရေးမှာ ပါလာတော့ အခုမှကိုယ်စားပြုဆိုပြီး တက်လာတာမဟုတ်ပါဘူး။ ၂၀၁၆ ကတည်းက ပါလာတာပေါ့နော်။ ကိုယ်စားမပြုဘူးလို့လည်း ပြောလို့မရပါဘူး။ ၂၀၁၆ ကတည်းက ပါလာတာဆိုတော့လေ။ လူငယ်တွေအတွက် ရေးဆွဲထားတဲ့ မူဝါဒတွေကို လူငယ်တွေအပေါ်မှာ အခြေခံပြီး ရေးဆွဲထားတာကြောင့် ဘယ်သူ့ရဲ့သြဇာလွှမ်းမိုးမှု မှမပါဘဲ လူငယ်တွေ စုစည်းရေးဆွဲထားတဲ့ မူဝါဒဖြစ်ပါတယ်။ " ဟု DMG သို့ ပြောသည်။
ရခိုင်လူငယ်အရေးအတွက် ရခိုင်လူငယ်ဖိုရမ်ကို ၂၀၁၇ ခုနှစ်က မင်ပြားမြို့တွင် ကျင်းပခဲ့ကာ ရခိုင်လူငယ် အကြိုညီလာခံတစ်ခုကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာလက မာန်အောင်မြို့တွင် ကျင်းပခဲ့သည်။




