
(ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၅ ကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံတွင် အဖွင့်အမှာစကားပြောကြားစဉ်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)
ဇွန်လ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်၊ လွိုင်ကော် (DMG) ။ ။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသုံးပြုနေသော လူမှူကွန်ယက်ဟု ခေါ်သည့် ဖေ့စ်ဘုတ်ကယက်သည် မီဒီယာကြီးများကို ထိခိုက်လာနေ၍ ယင်းဖေစ့်ဘုတ်ပေါ်မှ လွတ်လပ်မှူများကို ထိန်းညှိဖို့ အားလုံးမှာ တာဝန်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်သည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ဇွန်လ ၂၆ ရက်ကနေ ၂၈ ရက်နေ့ထိ သုံးရက်တာ ကျင်းပနေသော ၅ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ၌ ဒေါက်တာ ဖေမြင့်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ အားလုံးအထူးပြောစရာ မလိုပါဘူး။ ၆၆ (ဃ) သည် ဆိုရှယ်မီဒီယာထက်က လွန်ကျွံမှူတွေကို ဝင်ရောက် ရတဲ့နည်းနဲ့ ထိန်းသိမ်းဖို့ သို့မဟုတ် တုန့်ပြန်ဖို့ သုံးစွဲရင်းနဲ့ ဒါသည် ထင်ရှာလာပါတယ်။ အဲဒီရဲ့ ကယက်ကို မူလမီးစ်ထရိန်း မီဒီယာကြီးတွေ၊ ပုံနှိပ်မီဒီယာတွေ၊ တခြားမီဒီယာတွေပေါ့နော် သက်ရောက်မှူတွေရှိလာပါတယ်။ အဲဒီကယက် အဲဒီသက်ရောက်မှူတွေကို ဘယ်လို ဝိုင်းဝန်းသိမ်းကြမလဲဆိုတာကို ဒီကနေ့ရှိနေတဲ့ အသားကျနေတဲ့ မီဒီယာအဖွဲ့အစည်းများက ပုဂ္ဂိုလ်များက လူတွေလည်း ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။ အားလုံးမှာ တာဝန်ရှိတယ်လို့ မြင့်ပါတယ်။ ” ဟု ပြောသည်။
ဖေ့စ်ဘုတ်ဟုခေါ်သည့် ဆိုရှယ်မီဒီယာသည် လျှင်မြန်မြန်ကြီးကို ကြီးထွားတိုးတက်လာတာကို အားလုံးက မြင်ကြောင်း၊ ဖေ့စ်ဘုတ်သုံးစွဲတာသည် ဆိုရှယ်မီဒီယာဟု ခေါ်သည့်အတိုင်း သူသည် မီဒီယာဖြစ်ပါကြောင်း၊ အားလုံးသိကြတဲ့အတိုင်း ဒီမီဒီယာနှင့် ပတ်သက်ပြီး အကန့်အသတ်၊ ထိန်းသိမ်းမှူတွေ မရှိကြောင်း၊ ဒီမီယာမှာ ၀င်ရောက်ရေးသားကြသူများသည် ပုံမှန် မီးစထရိန်း မီဒီယာကြီးများတွင် ရေးသားနေကြသောသူများလို လေ့ကျင့်သင်ကြားမှူလည်းမရှိကြောင်း၊ တည်းဖြတ်မှူလည်းမရှိကြောင်း၊ ကျင့်ဝတ်မရှိကြောင်း၊ မရှိတဲ့အခါကျတော့ လွတ်လပ်မှူကို လွန်လွန်ကျွံကျွံသုံးနေကြကြောင်း၊ သို့သော် သူသည် မီဒီယာဖြစ်ကြောင်း၊ ပြီးတော့ လွတ်လပ်နေတယ် အခါကျတော့ သူ့မှာ ထိခိုက်မှူများ၊ သက်ရောက်မှူများ အများကြီးရှိလာကြောင်း၊ ထိလာတဲ့အခါမှ နစ်နာတယ်လို့ ယူဆရတဲ့သူတွေကနေပြီးတော့ ဒါကိုဘယ်လို တုန့်ပြန်မလဲဆိုသည်ကို လုပ်လာတာရှိကြောင်း၊ အဲဒါကို အကြောင်းပြုလုပ်ပြီး ပြဿနာတွေ တက်လာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားခဲ့သည်။
၅ ကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံတွင် တိုင်းနှင့်ပြည်နယ် အသီးသီးက တိုင်းရင်းသား မီဒီယာများမှ ကိုယ်စားလှယ်များ ၁၈၀ ကျော် တက်ရောက် နေကြကြောင်း သိရသည်။
၃ ရက်တာဆွေးနွေးမည့် တိုင်းရင်းမီဒီယာညီလာခံတွင် ကယားပြည်နယ်၏ မီဒီယာအခင်းအကျင်းများ၊ တိုင်းရင်းသားမီဒီယာ ဈေးကွက်ရေရှည်တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းပြည်နယ်များတွင် ဈေးကွက်အလားအလာ၊ သတင်းရယူပိုင်ခွင့်၊ တိုင်းရင်းသားမီဒီယာမူဝါဒ မူဘောင်နှင့် အမျိုးသမီးသတင်းထောက်များ၏ အခွင့်အရေးကို မြှင့်တင်ခြင်း စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားကြမည်ဖြစ်သည်။




