ဓါတ်ပုံ - ALD

 

မင်းထွန်း၊ DMG

အောက်တိုဘာလ ၁၃၊ စစ်တွေ

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) အနေဖြင့် “လူကောင်း၊လူမှန်ကို မဲပေးစို့ ”ဟုဆိုကာ ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးလျက်ရှိကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

 

ပါတီသက်တမ်း နှစ်ပေါင်း (၃၀) ကြာမြင့်နေပြီဖြစ်သောကြောင့် လူငယ်များကြား လူသိနည်းပါးမှုရှိသဖြင့် ပါတီကို အဓိကမိတ်ဆက်ကာ လူကောင်း၊လူမှန်များကို မဲပေးရန် မဲဆွယ်စည်းရုံးရေးပြုလုပ်နေသည်ဟု ဦးမျိုးကျော်က ဆိုသည်။

 

“တစ်ချို့ တစ်ချို့ကတော့ အမျိုးသားရေး လမ်းကြောင်း၊အမုန်းတရားတွေ ၊ရဲရဲတောက်တွေကို ပြောတယ်။ လက်တွေ့မှာတော့ အလုပ်မဖြစ်ဘူး။ ဒါပေမယ့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ပြည်သူတွေကို အမြင်တစ်ခု အလင်းတစ်ခုရအောင် ပြောဖို့လိုတယ်လို့ မြင်တာကြောင့် လူငယ်တွေရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့၊ လူကောင်း၊လူမှန်ကို မဲပေးဖို့ ဆိုပြီးတော့ မဲဆွယ်တယ် ”ဟု ၎င်းက ပြောသည်။

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) အနေဖြင့် မဲဆွယ်စည်းရုံးရေးပြုလုပ်သည့်အခါ ရေလမ်းခရီးကြောင့် ခရီးသွားလာရာတွင် အခက်အခဲ တစ်ချို့ရှိနေသည်။သို့သော် ရွာပေါင်း (၈၀) ကျော်ကို မဲဆွယ်စည်းရုံးနိုင်ပြီ ဖြစ်သည်။လူကောင်း၊လူမှန် တစ်ယောက်ကို ရရှိထားသောကြောင့် အနိုင်ရရှိမည်ဟုလည်း ALD ယုံကြည်မှုရှိသည်ဟု  ဦးမျိုးကျော်က ဆိုသည်။

 

“အခုပြိုင်မယ့် ကိုယ်စားလှယ်လောင်း (၄) ဦးရှိတယ်။အဲဒီ လေးဦးထဲမှာ ALD အနေနဲ့ကတော့ လူကောင်း၊ လူမှန် တစ်ဦးကို ရထားတယ်။ အဲဒါကြောင့် နိုင်ဖို့လို့ ယုံကြည်တယ်။ ဆရာကြီး ဦးသိန်းမောင် ငါတို့ဆရာ ဆိုပြီးတော့လည်း ပြည်သူတွေရဲ့ ကြားထဲကို ထဲထဲဝင်ဝင်ရောက်သွားပါပြီ” ဟု ဦးမျိုးကျော်က ပြောသည်။

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၏ နှစ် (၃၀) ပြည့် အခမ်းအနားနှင့် ပါတီ ဗဟိုကော်မတီအစည်းအဝေးကို ရသေ့တောင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ ပါတီသည် ၁၉၈၈ခုနှစ်က ပေါ်ပေါက်လာခြင်းဖြစ်ကာ ၂၀၁၄ ခုနှစ်အတွင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့်ပူးပေါင်းကာ ရခိုင်အမျိုးသားပါတီ(ANP) ကို တည်ထောင်ခဲ့ကြသည်။သို့သော်လည်း ပါတီတွင်း ပြဿနာများပေါ်ပေါက်လာသောကြောင့် ပါတီဝင်တစ်ချို့ ANP က ထုတ်ပယ်ခံရကာ ၊တစ်ချို့ မိမိကိုယ်တိုင် နုတ်ထွက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ကို ပြန်လည်ထူထောင်ခြင်း ဖြစ်သည်။

 

လာမည့် နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမည့် ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဦးသိန်းမောင်၊ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်  ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ဦးခင်သန်းမောင်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။