
သြဂုတ်လ (၂) ရက်၊ ၂၀၁၈ ခုနှစ်၊ နေ၀င်းစံ/DMG
လူသေဆုံးမှုအထိဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ် ဘူးတလုံးကျေးရွာအုပ်စု ရွှေလံကျေးရွာမှ ယာဉ်တိုက်မှုတွင် အချိန် ၃ လကြာမြင့်သည်အထိ တိုက်သွားသည့်ယာဉ်နှင့် တရားခံကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်အရေးယူ မပေးနိုင်သေးကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူမှာ ရွှေလံကျေးရွာနေ ဦးစိုးနိုင်၊ အသက်(၃၄)နှစ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလ ၂၁ ရက်နေ့ ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်- စစ်တွေကားလမ်းအတိုင်း သူငယ်ချင်း ၂ ဦးနှင့်အတူ လမ်းလျှောက်လာစဉ် ရွှေလံကျေးရွာအနီး မိုင်တိုင်အမှတ် ၉၉/၇ တွင် ကုန်တင်ကားကြီး တစ်စီးမှဝင်တိုက်ခဲ့ရာ ဦးစိုးနိုင်၏ ဦးခေါင်းကြွေမွကာသေဆုံးခဲ့ကြောင်း သေဆုံးသူ၏မိသားစုဝင်များက ပြောသည်။
ယင်းသို့အခင်းဖြစ်ပွားပြီး မိနစ် ၁၀ ခန့်အကြာတွင် သက်ဆိုင်ရာမြောင်းဘွေရဲစခန်းသို့ သေဆုံးသူ၏ ဖခင်မှ သွားရောက်တိုင်ကြားခဲ့သော်လည်း မိနစ် ၂၀ ခန့်ကြာမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးက ကုန်တင်ကား သွားရာနောက်သို့ လိုက်သွားခဲ့ကြောင်း သေဆုံးသူ၏ဖခင် ဦးမောင်ကျော်ဦးက ဆိုသည်။
ဦးမောင်ကျော်ဦးက “ ဒါ ရိုးသားမှုမရှိဘူးလို့တော့ ထင်တယ်၊ မိနစ် ၁၀ အကြာမှာ လိုက်သွားလို့ ဒီကားကို ဖမ်းမမိတာ။ ဂိတ်အတန်တန်ရှိပါလျက်နဲ့ ရှေ့မှာမြောင်းဘွေဂိတ်ရှိတယ်၊ နောက်ထပ်ဂိတ်တွေလည်း ရှိသေးတယ်။ ဒါတွေကိုကျော်ဖြတ်ပြီး ပျောက်သွားတယ်ဆိုလို့ရှိရင် ရိုးသားမှုမရှိဘူး။ ” ဟု ပြောသည်။
၎င်းယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး မြောင်းဘွေရဲစခန်းမှ (ပ) ၅/၂၀၁၇ ပုဒ်မ ၃၀၄ (က)၊ ၃၃၇၊ ၃၃၈ တို့ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း မြောင်းဘွေရဲစခန်းမှ သိရသည်။
“ သေတဲ့သူတစ်ယောက်ဟာ ပြန်လာမယ်လို့တော့မရှိဘူး၊ ဒါပေမယ့် အမှုမှန်ကိုဖော်ထုတ်ပြီး စိစစ်ပေးလို ပါတယ်။ အထက်ကအကြီးအကဲတွေကို တောင်းဆိုတာပါ။ ” ဟု သေဆုံးသူ၏ဖခင် ဦးမောင်ကျော်ဦးက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုအား အမှုမှန်ပေါ်ပေါက်စေရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနများထံ တိုင်ကြားထားကြောင်း သိရသည်။




