နေရောင်မင်း (စစ်တွေ)

အောက်တိုဘာ ၁၂၊ ကျောက်တော်

ကျောက်တော်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆောက်အအုံ တည်ဆောက်နေခြင်းအား အောက်တိုဘာလ ၁၁ရက်နေ့က ရပ်ဆိုင်းလိုက်သည်။

ယင်းသို့ အဆောက်အအုံတည်ဆောက်နေခြင်းအား မြို့သူ၊မြို့သားများက ကန့်ကွက်နေသည့် အချိန်တွင် အဆောက်အုံမြေနေရာမှာ မြေငှားဂရမ် သက်တမ်းကုန်သွားသဖြင့် ဆောက်လုပ်နေသည့် အဆောက်အအုံအား ရပ်ဆိုင်းထားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားလိုက်သည်။

 “ အခုလောလောဆယ်က အဆောက်အဦးကို ရပ်ဆိုင်းထားဖို့  ညွန်ကြားချက်ပဲရောက်တာ ကျွန်တော်တို့ လိုချင်တာက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မြေငှားဂရမ်ကိုပါ ပယ်ဖျက်မိန့် ထုတ်ပေးစေချင်တယ်။ ”လို့ ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက ပြောသည်။

ထိုအဆောက်အဦးအနီးတွင် ကျူးကျော် ဓာတ်ပုံဆိုင်များအား အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာအက်ဥပဒေ ပုဒ်မ ၂၁(၁)နှင့် ၂၁(၂)အရ မြေပေါ်ကဖယ်ရှားပေးရန် လိုအပ်ကြောင်းသူ ကဆက်ပြောသည်။

အများပိုင်မြေနေရာပေါ်တွင် တစ်ဦးတစ်ယောက်ပိုင်အမည်ဖြင့် အဆောက်အဦး ဆောက်လုပ်နေခြင်းကို မလိုလားသည့်အတွက်ကြောင့် ကျောက်တော်ဒေသခံ တချို့က ကန့်ကွက်ကြောင်း လက်မှတ် ၁၀၀၀ကျော်ဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့က ရခိုင်ပြည်နယ်ယန်ကြီးချုပ်ထံ စာတင်ခဲ့ကြသည်။