
ခိုင်ရိုးလ၊ DMG
စက်တင်ဘာ ၂၈၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့လွတ်လပ်ရေးကျောက်တိုင်ကွင်း၌အဆောက်အအုံတည်ဆောက်နေခြင်းအား မြို့သူမြို့သားများက ကန့်ကွက်နေကြပြီး လက်မှတ်များကောက်ခံကာ ပြည်နယ်ဝန်ကြီးချုပ် ထံ တင်ပြသွားမည်ဟု လက်မှတ်ကောက်ခံသူ ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက ပြောသည်။
လွတ်လပ်ရေးကျောက်တိုင်ကွင်းသည် အများပိုင်သောမြေနေရာဖြစ်သောကြောင့် တစ်ဦးတစ်ယောက်ပိုင်အမည်ဖြင့် အဆောက်ဦးဆောက်လုပ်နေခြင်းကို ကန့်ကွက်ရခြင်းဟု ကန့်ကွက်သူများက ဆိုသည်။
“ အခုလို ကန့်ကွက်လက်မှတ် ကောက်ခံရခြင်းက မြို့နယ် လွတ်လပ်ရေးကျောက်တိုင်ကွင်းဆိုတာ အများသူငါပိုင်ဆိုင်တဲ့မြေဖြစ်တယ်။ တစ်စုံတစ်ယောက်သောသူလည်း မပိုင်ဆိုင်အပ်ဘူး။ ဒါကြောင့် အဲဒီ အဆောက်အဦကို ဖယ်ရှားပေးဖို့ လုပ်ဆောင်ရခြင်းဖြစ်တယ်” ဟု လက်မှတ်ကောက်ခံရာတွင် ဦးဆောင်သူ ကို ဇော်ဝင်းက ပြောသည်။
ယင်းကျောက်တိုင်ကွင်းတွင် အဆောက်အဦဆောက်လုပ်ခြင်းအား ယခင်က ရခိုင်ပြည်နယ် စည်ပင် ဝန်ကြီး ဦးမင်းအောင်ထံ တင်ပြမှုကြောင့် အစိုးရသဘောတူညီချက်ဖြင့် ယာယီရပ်ထားခဲ့သည်ဟု သိရသည်။
“အခုလို တင်ပြခဲ့မှုကြောင့် အရင် ဝန်ကြီးမင်းအောင်လက်ထက်က အစိုးရသဘောတူညီချက်နဲ့ ယာယီရပ်တန့်ထားခဲ့ရတယ်။ အမှုကိုတော့ပြီးအောင် မဆောင်ရွက်နိုင်ခဲ့ဘူး ”ဟု ကိုဇော်ဝင်းက ဆိုသည်။
အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကွင်းမြေနေရာသည် ကြံ့ခိုင်ရေးပါတီအာဏာရရှိချိန်မှာ ပါတီအမည်နှင့် ဂရန်ပေါက်ထားပြီး တခြားတစ်ဦးနာမည်ဖြင့် ဈေးဆိုင်တန်းများ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ကိုဇော်ဝင်းက ပြောသည်။
ယင်းကွင်းတွင် ကြံ့ခိုင်ရေးပါတီက အနှစ်သုံးဆယ်မြေစာရင်းဂရန်ဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်က တရားဝင် စာတင်ပြီး ဆောက်လုပ်ခြင်းဖြစ်ကာ လွန်ခဲ့သည့် ရက် ၂၀ခန့်ကအဆောက်အဦဆောက်လုပ်နေခြင်းကို ပိတ်ပင်ခွင့်မရှိကြောင်း ပြည်နယ်အစိုးရက တရားဝင် စာထုတ်ထားသည်ဟု ကျောက်တော်မြို့ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမောင်ဝင်းက ပြောသည်။
“ အဲဒီ အဆောက်အဦးကို အနှစ်သုံးဆယ်မြေစာရင်းဂရန်နဲ့ ကြံ့ခိုင်ရေးပါတီက ၂၀၁၆- ၂၀၁၇ ခုနှစ်က တရားဝင် စာတင်ပြီး ဆောက်လာတာပါ။ ဒါကြောင့် ကျွန်တော်တို့က ခွင့်ပြုခဲ့ပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ ရက် ၂၀ လောက်က အဲဒီနေရာက အဆောက်ဦဆောက်လုပ်နေမှုကို ပိတ်ပင်ခွင့်မရှိကြောင်း ပြည်နယ်က ကျွန်တော်တို့ဆီကို စာဝင်ထားတာရှိပါတယ် ”ဟု ဦးမောင်ဝင်းက ဆိုသည်။
လက်ရှိတွင် ကန့်ကွက်ကြောင်းလက်မှတ် ၁၀၀၀ ကျော်အထိရရှိထားသည်။ ယင်း ကန့်ကွက်လက်မှတ်များကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံ၊ ဗဟိုလယ်စီကော်မတီအပါဝင် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့စည်းများထံ မကြာမီရက်ပိုင်းအတွင်း တင်ပြသွားမည်ဟု သိရသည်။




