အောင်ကောင်းဇော် / DMG
ဇူလိုင် ၃ ရက် ၊ ၂၀၁၈ ခုနှစ် ။ ။ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် လျှပ်စစ်မီးရယူရန်အတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများက မီတာများ လာရောက်လျှောက်ထားသော်လည်း မီတာဘောက်စ်များကို ချပေးနိုင်ခြင်းမရှိသေးကြောင်း မာန်အောင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးဌာနမှ သိရသည်။
လက်ရှိမှာ မာန်အောင်မြို့ပေါ် ရပ်ကွက်များတွင် မီတာအလုံးရေ တစ်ထောင်ကျော်တပ်ဆင်ပေးထားပြီး နောက်ထပ်လာရောက်လျှောက်ထားသူများ ရှိနေသော်လည်း မီးစက်နှင့် မီးပေးနေရခြင်းဖြစ်သဖြင့် အခက်အခဲရှိနေခြင်းဖြစ်ကြောင်း မာန်အောင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးအောင်နိုင်ဦးက ပြောသည်။
“ အခုမာန်အောင်မြို့ပေါ်မှာ မီတာအလုံးရေ ၁၀၀၂ လုံးရှိတယ်။ အခုမီးအားနဲ့ဆိုရင်တော့ မီတာ အလုံးရေ ၁၂၀၀ လောက်တော့ ပေးနိုင်မယ်။ ဒါပေမဲ့ အထက်က မကျသေးတော့ မချပေးနိုင်သေးဘူး။ တစ်ကယ်တမ်းကျတော့လည်း မီးစက်နဲ့ မီးပေးနေရတာဆိုတော့ များရင်လည်း အဆင်မပြေဘူး၊ နည်းရင်လည်း အဆင်မပြေပြန်ဘူး။ မီတာချပေးမယ်ဆိုရင်တော့ အလုံးရေ ၁၀၀ ကျော်လောက် ချပေးလို့ရနိုင်ပါသေးတယ် ” ဟု ဆိုသည်။
မာန်အောင်မြို့နယ်တွင် 500KVA မီးစက်(၂) လုံးဖြင့် မြို့ပေါ် ၅ ရပ်ကွက် နှင့် ကုန်းတန်းကျေးရွာ မြောက်ပိုင်းတို့ကို တစ်နေ့လျှင် ၆ နာရီ မီးပေးလျက်ရှိပြီး မီတာအလုံးရေ ၁၀၀၂ လုံးအပြင် မီတာလာရောက်လျှောက်ထားသူ ၇၀ ကျော်ထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် မီး ၂၄ နာရီဖြန့်ဖြူးပေးနိုင်အောင် ဆိုလာစက်ရုံတည်ဆောက်ရန်အတွက် စမ်းသပ်မှုများပြုလုပ်နေပြီး မည်သို့ဆောင်ရွက်ရမည့်အကြောင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆိုမှုများ ပြုလုပ်ထားကြောင်း ၄င်းက ပြောသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြို့သစ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရန်အောင်မြင်ရပ်ကွက်၊ အနောက်အုပ်စုရပ်ကွက်နှင့် ကမ်းနားရပ်ကွက်တို့အား ဆိုလာစနစ်ဖြင့် ၂၄ နာရီမီးရရှိရန် ပြည်နယ်အစိုးရနှင့် Dawoo ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိတွင် မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၈ ရွာကို ပြည်နယ်အစိုးရ ဘတ်ဂျက်ငွေဖြင့် မီးကြိုးသွယ်တန်းမှုများ ပြုလုပ်ထားပြီး မီး ၂၄ နာရီရရှိရေးအတွက် ပြည်သူများက မျှော်လင့်နေကြသည်။




