
ဇူလိုင်လ ၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်။ ။ ၂၀၁၈-၂၀၁၉ ခုနှစ် (၆) လတာဘဏ္ဍာနှစ်တွင် ဝင်ငွေနည်း၍ မောင်တောမြို့နယ်စည်ပင်သာယာရေး လုပ်ငန်း အားလုံးနီးပါး ရပ်နားရမည်ဖြစ်ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
သားသတ်လိုင်စင်မှ ဝင်ငွေများနေသည့် မြို့မဈေးအပါအဝင် ကူးတို့လှေများ လေလံမအောင်ခြင်း၊ အခွန်အခများ မရရှိခြင်းနှင့် အခြားဝင်ငွေများ နည်းလွန်း၍ ဝန်ထမ်းလစာသာ ပေးနိုင်မည်ဟု မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
“ ဒီနှစ် ၆ လတာမှာ မြို့မဈေးလည်း လေလံမအောင်ဘူး။ အဆင်ပြေသလိုပဲ ညှိလိုက်ရတယ်။ လူဦးရေနည်းတာနဲ့ လုပ်ဖို့လူလည်းမရှိတာနဲ့ အခွန်အခလည်း နည်းတယ်။ ကျပ်သိန်းပေါင်း ၁၅၂၀ ကျော်ပဲ ရတယ်။ အဲဒီအထဲက ကျပ်သိန်း ၁၃၄၀ ကျော်ကို ဝန်ထမ်းလစာနဲ့ အခြားအသုံးစရိတ်ပေးရမယ်။ ကျန် ၂၀၀ လောက်ပဲ စည်ပင်လုပ်ငန်းမှာ အသုံးပြုနိုင်မယ်။ ” ဟု ပြောသည်။
ကျပ်သိန်း ၂၀၀ ကျော်ဖြင့် မောင်တောမြို့ပြဖွံ့ဖြိုးရေးကို ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်မည်မဟုတ်ကြောင်း၊ ယခင်နှစ်က ကျပ်သိန်းပေါင်း ၉၉၀၀ ကျော်ရှိခဲ့သည့်အတွက် စည်ပင်လုပ်ငန်းများ အားလုံးနီးပါးကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော် ယခုနှစ်တွင် မောင်တောမြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ နှေးကွေ့မည်ဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
“ မောင်တောမြို့ စည်ပင်သာယာဖို့အတွက် လမ်းတွေ ကွန်ကရစ်အဖြစ် အဆင့်မြင့်တင်ရမယ်။ မြို့တွင်းတံတားတွေ အဆင့်မြှင့်တင်ရမယ်။ ရေပေးဝယ်ရေးစနစ် အဆင်ပြေအောင် လုပ်ရအုံးမယ်။ ရေမြောင်းတွေ တူးဖော်ရမယ်။ ဒါပေမဲ့ ဘတ်ဂျက်က နည်းတော့ လုပ်ငန်းတွေ အကုန်လုံးနီးပါး လျော့ချလိုက်ရတယ်။ ဝန်ထမ်းလစာကတောင် နည်းနည်းစီ ဖြတ်တောက်ရဖို့ရှိတယ်။ ” ဟု မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အဓိကဝင်ငွေမှာ သားသတ်လိုင်စင်များ၊ ကူးတို့လှေနှင့် အခွန်အခလုပ်ငန်းတို့ ဖြစ်သော်လည်း ARSA ဘင်္ဂါလီအကြမ်းဖက်များ တိုက်ခိုက်ပြီးနောက်ပိုင်း အဆိုပါလုပ်ငန်းများကို လုပ်ကိုင်မည်သူ မရှိခြင်းကြောင့် မြို့နယ်စည်ပင်ဘတ်ဂျက် နည်းသွားရခြင်းဖြစ်သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာတစ်နှစ်လုံးစာအတွက် မောင်တောမြို့နယ်စည်ပင်သာယာရေးလုပ်ငန်း ၂၈ ခုအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပိုလျှံရန်ပုံငွေများမှ ငွေကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော်တောင်းခံသော်လည်း ကျပ်သိန်း ၄၀၀၀ သာချပေးကြောင်း သိရသည်။
မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၃၃၂၀ ကျော်ရရှိခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၃၆၆၀ ကျော်ရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၉၉၉၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။




