
(သက္ကယ်ပြင်ကျေးရွာမှ ဗလီအနီးရှိ ရေကန်အတွင်းက တွေ့ရှိခဲ့သည့် လက်နက် ၃၂ လက်အား တွေ့ရစဉ်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၁၈ ခုနှစ် ။ ။ မောင်တောမြို့နယ် မြောက်ပိုင်း သက္ကယ်ပြင်ကျေးရွာ ဗလီအနီးရှိ ရေကန်အတွင်းမှ လက်နက်မျိုးစုံပါဝင်သည့် ၃၂ လက်ကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက တွေ့ရှိခဲ့ကြောင်း အောင်မင်္ဂလာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
အဆိုပါ လက်နက်များကို အောင်မင်္ဂလာကျေးရွာသား ၃ ဦးက ရေကန်အတွင်း ဖားရှာဖမ်းနေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်ကျော်ဦးက ပြောသည်။
“ ဟုတ်ပါတယ်။ မနက်ပိုင်း ကျွန်တော်ကို ဖားရှာသွားတဲ့ ကျွန်တော်တို့ ရွာသားတွေက ဖုန်းဆက်ပြီး သက္ကယ်ပြင် ဗလီကြီးအနီးရှိ ရေကန်ထဲ့မှာ လက်နက်တွေ တွေ့ပါတယ်လို့ အကြောင်းကြားလာပါတယ်။ ဒါကြောင်း ကျွန်တော်က သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပါပြီ။ အဲဒီနေရာကို သွားရောက်ရှာဖွေမှု ပြုကြပါတယ်။ တွေ့ရှိတဲ့ လက်နက်တွေကတော့ ဒေါက်နဲ့ ထောက်ပစ်နိုင်တဲ့ လောင်ချာ (၁) လက်ပါ။ နောက် ဗုံးပစ်လောင်ချာပုံစံ လက်နက် (၁၇) လက် နဲ့ လုပ်သေနတ် (၁၄) လက်ပါ။ စုစုပေါင်း (၃၂) လက်ကို အဲဒီ ရေကန်ကြီးထဲက ရှာတွေ့တာပါ။ ” ဟု ပြောသည်။
လက်နက်များမှာ ရေထဲ၌ အကြမ်းဖက်ဘင်္ဂလီများက သိုဝှက်ထားရှိခြင်းဖြစ်နိုင်ကြောင်း၊ နောက်ထပ်လည်း ရှိနိုင်ကြောင်း၊ သက်ဆိုင်ရာတော့ အနီးအနားပတ်ဝန်းကျင်ကို ရှာဖွေမှုများပြုလုပ်နေကြောင်း၊ အဆိုပါ လက်နက်များကိုလည်း သက်ဆိုင်ရာအာဏာပိုင်များသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်း ဦးကျော်ကျော်က ပြောသည်။




