မေလ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။   ။   “ ရခိုင်ပြည်နယ်က တိုင်းရင်းသား သာသာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ ထောက်ပံ့လစာကိစ္စ ဘာတွေ လွဲမှားနေသလဲ ” သတင်းဆောင်းပါးကို ရေးသားခဲ့သည့် သဇင်ပန်းခိုင်သတင်းဂျာနယ်မှ အယ်ဒီတာ ကောင်းမြတ်နိုင် (မောင်တော) အား ၎င်းဆောင်းပါးတွင် ပါဝင်သည့် အချက်အလက်များမှာ မှားယွင်းသည့် စွပ်စွဲချက်များ ပါဝင်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၆) ဖြင့် တရားစွဲဆိုမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG သို့ ပြောသည်။ 

ကောင်းမြတ်နိုင် (မောင်တော) သည် ရခိုင်ပြည်နယ်က တိုင်းရင်းသားဘာသာ သင်ကြားပေးသည့် ဆရာ၊ ဆရာမ တွေရဲ့ ထောက်ပံ့လစာကိစ္စ ဘာတွေမှားနေသလဲ သတင်းဆောင်းပါးအား မေလ ၁၅ ရက်နေ့က သဇင်ပန်းခိုင်သတင်းဂျာနယ် facebook ပေါ်တွင် ဖော်ပြခဲ့ရာတွင် ပညာရေးဌာနအား ဂုဏ်သိက္ခထိခိုက်သော မှားယွင်းသည့် အချက်အလက်များ ပါဝင်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၆) ဖြင့် တရားစွဲဆိုရန် စီစဉ်ခြင်းဖြစ်သည်။

“ ကျနော်တို့က တိုင်းရင်းသားဘာသာသင်ကြားတဲ့ ဆရာ၊ ဆရာမတွေကို ထောက်ပံ့လစာပေးတယ်။ ကောင်းမြတ်နိုင် (မောင်တော)ရေးသားထားကတော့ (၉)လစာပဲ ပေးတယ်။ (၁၀) လစာ မပေးဘူးလို့ပါတယ်။ ကျနော်တို့မှာ (၉) လစာပဲ ပေးတာပါ။ အဲဒါကို သူလျှောက်ရေးတာ။ တိုင်းရင်းသားဘာသာသင်ကြားတဲ့ ဆရာ၊ ဆရာမတွေကိုပဲ ကျနော်တို့က ထောက်ပံ့လစာပေးတယ်။ မပြတဲ့ဆရာ၊ ဆရာမကို မပေးဘူး။  အဲဒီလို မပြဘဲ ထုတ်စားတဲ့ ဆရာ၊ ဆရာမတွေကို အရေးယူသွားမယ်။ အခု ကောင်းမြတ်နိုင်(မောင်တော)ကို တရားစွဲဖို့အတွက် ဒီနေ့ ရှေ့နေတွေနဲ့ တိုင်ပင်မယ်။ သူ့ကိုတော့ ပြောလိုက်ပြီ။ တရားရင်ဆိုင်ရလိမ့်မယ်လို့ ။ ” ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ယခုကိစ္စနှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ရမည်ဟု ပြောကြားထားသည်ဟု ဆိုသော်လည်း လက်ရှိအချိန်ထိ တရားရင်ဆိုင်ရန် အကြောင်းကြားမှု မရှိသေးကြောင်း သဇင်ပန်းခိုင်သတင်းဂျာနယ်မှ အယ်ဒီတာ ကောင်းမြတ်နိုင်က ပြောသည်။

“ မနေ့က နေ့လည်လောက်က ပြည်နယ်ပညာရေးမှူးရုံးကဆိုပြီး ဖုန်းဆက်လာတယ်။ (၁၀) လစာ ပေးတာမဟုတ်ဘူး။ (၉)လစာသာ ပေးတဲ့ဆိုပြီးပြောတယ်။ ကျနော်က သူ့ကို နာမည်နဲ့ ရာထူးတွေ မေးတယ်။ သူဘာမှမဖြေခဲ့ဘူး။ တရားရင်ဆိုင်ရမယ်လို့လည်း ဘာမှ မပြောခဲ့သေးဘူး။ ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ပညာရေးမှူးက တရားစွဲမည်ဆိုပါကလည်း ဆရာ/ဆရာမ ၇ ယောက်၏ ပြောဆိုချက်များနှင့် အခြားသက်သေ အထောက်အထားများ ရှိကြောင်း ကိုကောင်းမြတ်နိုင်ကဆိုသည်။

ပြီးခဲ့သည့် မေလ ၁ ရက်နေ့ နေ့စွဲဖြင့် မြေပုံမြို့နယ်မှာ တိုင်းရင်းသားဘာသာသင်ကြားသော ဆရာ/ ဆရာမများက လစာငွေဖြတ်တောက်ထားမှူသည်ဆိုပြီး ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးကို လိပ်မူပြီး နိုင်ငံတော်သမ္မတရုံး၊ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးသို့ ပေးပို့ထားကြောင်း သိရသည်။

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်