(ဖမ်းဆီးထိန်းသိမ်းခံရသည့် ရိုက်တာသတင်းဌာနက သတင်းထောက် ကိုကျော်စိုးဦး။ ဓါတ်ပုံ - DMG)

ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။    ။   ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက် နှစ်ဦးကို မြန်နိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာကျသည်ဟု သတင်းမီဒီယာအဖွဲ့အစည်းများက ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ်ပြန် ပြောဆိုသည်။

ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုကျော်စိုးဦး (ခ) မိုးအောင်နှင့် သက်ဦးမောင် (ခ) ဝလုံးတို့ကို ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာများ လက်ဝယ်တွေ့ရှိသဖြင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ရန်ကုန်မြို့ ထောက်ကြန့်နယ်မြေ ရဲစခန်းတွင် ဖမ်းဆီးခဲ့သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သတင်းသမားများ သတင်းအလုပ်လုပ်ရာမှ သိရှိလာသည့် အချက်အလက်များအနက် နိုင်ငံတော်လုံခြုံရေးအား ထိခိုက်စေနိုင်သည့် အချက်အလက်တို့ကို အများပြည်သူသိအောင် မဖော်ပြသင့်သည်ကို လက်ခံသော်လည်း သတင်းနှင့်ပတ်သက်သည့် အချက်အလက်များ လက်ဝယ်တွေ့ရှိရုံမှုဖြင့် စွပ်စွဲဖမ်းဆီးခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှု ဖြစ်သည်ဟု သတင်းမီဒီယာအဖွဲ့များက ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်သည့် သတင်းမီဒီယာအဖွဲ့အစည်းများမှာ MJA, MJN, MJU, BNI, MWJS, MMLN, MLJN, MJN (Ayarwaddy), LRG, MJN (Monywa), TJA, AJA တို့ဖြစ်သည်။

ဗြိတိသျှကိုလိုနီအစိုးရက အုပ်ချုပ်ခံ မြန်မာပြည်သူများကို နှိပ်ကွက်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၂၃ ခုနှစ်ကတည်းက ရေးဆွဲပြဌာန်းခဲ့သည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးခြင်းသည် ဒီမိုကရေစီအတွက် ဂုဏ်သိက္ခကျဆင်းစေသည့် လုပ်ရပ်အဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်အရေးနှင့် ပတ်သက်သည့် နိုင်ငံတကာမီဒီယာအသိုင်းအဝိုင်းတွင် မြန်မာအစိုးရအအပေါ် သံသယကြီးထွားနေချိန်၌ ယခုကဲ့သို့ မြန်မာသတင်းသမားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းမှာလည်း အစိုးရ၏ ဂုဏ်သိက္ခကို ပို၍ညစ်နွမ်းစေနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် မိသာစုဝင်များကိုပင် ဆက်သွယ်အသိပေးခြင်း မပြုသည်ကိုလည်း နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမည်ကိုလည်း များစွာစိုးရိမ်မကင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် ရိုက်တာသတင်းဌာနက သတင်းထောက် ကိုကျော်စိုးဦးမှာ ရခိုင်ပြည်နယ် စစ်တွေမြို့က ဖြစ်သည်။

Author: DMG