
(အာမခံလျှောက်ထားချက် ပလပ်ခံရသော ဒေါ်ဥမ္မာကျော်။ ဓါတ်ပုံ - ပျံလွှား)
သြဂုတ်လ ၂ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင်
သင်္ဘောကွေ့ကျေးရွာတည်ထောင်မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ဒေါ်ဥမ္မာကျော်အား အာမခံလျှောက်ထားရာမှာ မောင်တောမြို့နယ်တရားရုံးမှ ပလပ်ခဲ့ကြောင်း သူမ၏ ရှေ့နေက ပြောသည်။
ဒေါ်ဥမ္မာကျော်သည် အမျိုးသမီးဖြစ်နေ၍ အာမခံလျှောက်ထားခဲ့သော်လည်း မြို့နယ်တရားရုံးမှ လက်မခံဘဲ ပလပ်ခဲ့ခြင်းဖြစ်သည်ဟု သူမ၏ရှေ့နေ ဦးသင်္ခါကျော်က ပြောသည်။
“ အမှုအမှတ် ၁၁၆/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နဲ့ ဦးထွန်းမြင့်ဦးနဲ့ သူရဲ့ဇနီး ဒေါ်ဥမ္မာကျော်ဟာ စွပ်စွဲခံရသူအနေနဲ့ ရှိနေပါတယ်။ ဦးထွန်းမြင့်ဦးရဲ့ ဇနီး ဒေါ်ဥမ္မာကျော်ဟာ မိန်းမဖြစ်တဲ့အတွက် ကျနော်တို့က အာမခံနဲ့ အပြင်က ထုချေလို့ ရအောင်ဆိုပြီးတော့ အာမခံလျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ အာမခံလောလောဆယ် မပေးဘူးပေါ့။ အာမခံလျှောက်ထားချက်ကို ပလပ်တယ်ဆိုပြီးတော့ အမိန့်ချထားပါတယ်။ ဆက်လက်ပြီး ကျနော်တို့က အပေါ်ရုံးကို တက်မတက် အမှုသည်နဲ့ ဆွေးနွေးရအုံးမှာ ဖြစ်ပါတယ်။ ” ဟု ပြောသည်။
လက်ရှိတွင် ဦးထွန်းမြင့်ဦးနှင့် ၄င်း၏ဇနီး ဒေါ်ဥမ္မာကျော်တို့ကို သက်သေများပြုသေးခြင်း မရှိသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသင်္ခါကျော်က ပြောသည်။
ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့နှင့်အတူ ဦးအောင်နိုင်ကိုပါ ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် မောင်တောမြို့နယ် အထွေထွေ အုပ်ချပ်ရေးဦးစီးဌာနမှ ဒုဦးစီးက တရားစွဲထားပြီး ဦးအောင်နိုင်မှာ တရားရုံးချိန်းသို့ လာရောက်ခြင်းမရှိသည့်အတွက် ယခု ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့ကို သီးစီအမှုစစ်ဆေးနိုင်ရန် လာမည့် သြဂုတ်လ ၆ ရက်နေ့သို့ မောင်တောမြို့နယ် တရားရုံးသို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။




