ချလူးအောင် / DMG
နိုဝင်ဘာ ၁၀ ၊ စစ်တွေ
အစိုးရအမိန့်ဖြင့် ဖျက်ဆီးခံလိုက်ရသည့် သင်္ဘောကွေ့ရွာက ရွာသားများအနေဖြင့် မောင်တော တောင်ပိုင်း မြင်းလွှတ်ချောင်းနှင့် ဂြမ်းတောချောင်းဝန်းကျင်တစ်နေရာတို့တွင် ရွာမြေနေရာ ချထားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့တောင်းဆိုမှုမှာ အလားအလာကောင်းဖွယ်ရှိသည်။
ယင်းရွာသားများကို မြေနေရာချထားပေးရန်အတွက် ပြည်နယ်အစိုးရထံသို့ ဂြမ်းတောင်ချောင်းဝန်းကျင်ရှိ မြေနေရာတစ်ခုကို မြေပုံများပြည့်စုံစွာရေးဆွဲပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တင်ပြလိုက်ပြီဖြစ်ကာ ပြည်နယ် အစိုးရက လက်မှတ်ရေးထိုးလိုက်လျှင် သင်္ဘောကွေ့ရွာသားများအတွက် မြေနေရာအသစ် ရရှိမည်ဖြစ်သည်။
"အခုပြည်နယ်ကိုကျွန်တော်တို့သင့်တော်မယ့်နေရာတစ်ခုကိုမြေပုံတွေပါပြည့်စုံစွာရေးဆွဲပြီးတရားဝင်တင်ပြထားပါတယ်။ ပြည်နယ်အစိုးရက လက်မှတ်ထိုးပေးလိုက်တာနဲ့အတည်ပြုပြီးနေရာချပေးသွားမှာဖြစ်တယ်" ဟု မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ကပြောသည်။
သင်္ဘောကွေ့ဖျက်ဆီးခံရမှုကြောင့် ရွာသားများသည် ကျောက်ပန်းဒူဘုန်းတော်ကြီးတွင် ယာယီနေထိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ကျောက်ပန်းဒူ ကားလမ်းဘေးတွင် ယာယီနေအိမ်များဆောက်လုပ်နေထိုင်ကြသည်။ သို့သော် ကားလမ်းပြုပြင်လျှင် နေရာက ဖယ်ရှားခံရမည် စိုးရိမ်သောကြောင့် မောင်တောတောင်ပိုင်းတွင် မြေနေရာအသစ်ရရှိရန်အတွက် နိုဝင်ဘာလ ပထမပတ်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြခဲ့သည်။
သင်္ဘောကွေ့ရွာတွင် မြို့နယ်အသီးသီးက လူဦးရေ ၂၀၀ ကျော်ခန့် နေထိုင်ခဲ့ပြီး ယင်းရွာတွင် ဘင်္ဂလီများ နေထိုင်ခဲ့သည်ဟု အကြောင်းပြချက်ဖြင့် ပြည်နယ်အစိုးရအမိန့်ဖြင့် ဇူလိုင်လ ၉ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။ နေထိုင်သူများကမူ ယခင်အဆက်ဆက်က ရခိုင်လူမျိုးများ မြေနေရာဖြစ်သောကြောင့် နေထိုင်သည်ဟု ဆိုကြသည်။
သင်္ဘောကွေ့ရွာ ဖြိုဖျက်ခံရပြီးနောက်ပိုင်းတွင် ရွာသားများအတွက် မြေနေရာချထားပေးမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သော်လည်း (၄)လကျော်ခန့်ကြာသည့်တိုင် အကောင်အထည် မဖော်ပေးသောကြောင့် မြေနေရာသစ်ရရှိရေးအတွက် ဒေသခံများမှာ စိုးရိမ်ပူပန်မှုများရှိခဲ့ကြသည်။
လက်ရှိတွင် မြေနေရာအသစ်ရရှိရန် တင်ပြထားသောကြောင့် မြေနေရရှိလိမ့်မည်ဟု ဒေသခံများက မျှော်လင့်ခဲ့ကြသည်။
ယင်းရွာ တည်ထောင်စဉ် အစိုးရအဖွဲ့ကို အကြောင်းကြားခြင်း မရှိဟုဆိုကာ ကျေးရွာ တည်ထောင်သူ နှစ်ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူထားသည်။
သင်္ဘောကွေ့ကျေးရွာ မြေနေရာချထားပေးရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သို့ အိပ်ဖွင့်ပေးစာပေးပို့ပြီး တင်ပြတောင်းဆိုမှုများလည်းရှိခဲ့သည်။




