
ဇူလိုင်လ(၃၁) ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင်/DMG
ဇူလိုင်လ အစောပိုင်းက ကျေးရွာဖြိုဖျက်ခံလိုက်ရသော မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာသားများကို ကျောက်ပန်းဒူကျေးရွာ ဆရာတော်မှ ယာယီနေထိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
ကိုယ်ထူကိုယ်ထူထောင်ထားသော သင်္ဘောကွေ့ကျေးရွာကို နိုင်ငံတကာဖိအားကြောင့် အစိုးရမှ ကျေးရွာတည်ထောင်ရန် ခွင့်မပြုဘဲ ဖြိုဖျက်ပြီးနောက် ဒေသခံတိုင်းရင်းသားများမှာ ကျောက်ပန်းဒူကျေးရွာရှိ ဘုန်းတော်ကြီးတွင် ယာယီခိုလှုံခဲ့ကြသည်။
သို့သော်လည်း ဝါတွင်းကာလကျရောက်နေသည့်အတွက် ကျောက်ပန်းဒူဆရာတော်မှ ဥပုသ်လာစောင့်သူများ နေရာအခက်အခဲဖြစ်မည်ကို စိုးရိမ်၍ လတ်တလောတွင် ကျောက်ပန်းဒူကျေးရွာအနီးရှိ လမ်းဘေးတွင် ယာယီတဲအိမ်များ စီစဉ်ပေးထားကြောင်း ဦးအောင်တင်မောင်က ပြောသည်။
“ အခု ကျွန်တော်တို့ ယာယိမ်နေထိုင်နိုင်ဖို့ တဲအိမ်ငယ်တွေတည်ဆောက်နေပါတယ် ။ ဘုန်းတော်ကြီးကျောင်းအောက်မြေပြင်မှာပဲ နေထိုင်ခဲ့ရတာဖြစ်တဲ့အတွက် ကျေးရွာသား အချို့နေထိုင်မကောင်းဖြစ်နေကြပါတယ်။ စားရေးသောက်ရေးကလည်း မိုးကကြီး ယာယိမ်နေအိမ်တွေ တည်ဆောက်နေရတဲ့အတွက် ဘာအလုပ်မှ မလုပ်ကိုင်နိုင်ကြပါ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ကျွန်တော်တို့အတွက် အလွန်အခက်အခဲ့ ဖြစ်နေပါတယ်။ ” ဟု ပြောသည်။
သင်္ဘောကွေ့ကျေးရွာသားများမှာ နေထိုင်ရန် ယာယီနေရာနှင့် တဲအိမ်များ ရရှိနေသော်လည်း လတ်တလောတွင် လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိနေ၍ စားဝတ်နေရေးအဆင်မပြေကြောင်း ဦးအောင်တင်မောင်က ပြောသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးမှလည်း နေထိုင်ရန်နှင့် စားဝတ်နေရေးအတွက် ကူညီဖြေရှင်းပေးမည်ဟု ပြောကြားထားသော်လည်း လက်ရှိတွင် အကူအညီများ ပေးအပ်ခြင်းမရှိဟု သိရသည်။
သင်္ဘောကွေ့ကျေးရွာသားများအတွက် ရောအတည်တကျဖြစ်ရေး၊ ယခုမိုးရာသီအတွင်း အမိုးအကာများ ကူညီနိုင်ရေးနှင့် လိုအပ်သော အခြားအကူအညီများ ပေးအပ်နိုင်ရေးတို့ကို မောင်တောမြို့နယ် အထောက်အကူပြုကော်မတီမှ ကူညီပေးသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း လိုအပ်သော အကူအညီများ ပေးအပ်နေကြောင်း မောင်တောမြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ညွှန့်က ပြောကြားသည်။




