(ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းတွင် တွေ့ရသော သင်္ဘောကွေ့ကျေးရွာမှ မိသားစုတစ်စု / ဓာတ်ပုံ - အောင်ချေ) 

ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်၊ စိမ်းကိုကို / DMG

ဇူလိုင်လ ၉  ရက်နေ့က အစိုးရ၏ ဖြိုဖျက်ပြောင်းရွေ့ခြင်းကို ခံလိုက်ရသည့် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာသားများအတွက် နေရာထိုင်ခင်းတစ်ခု ရရှိလာစေရန် ရခိုင်အမျိုးသားပါတီအနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာမှ ပြောင်းရွေ့ဖြိုဖျက်ခံလိုက်ရသော မိသားစုဝင်များမှာ ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်လျက်ရှိကြပြီး ရွာဖျက်ပြီး ကစဉ်ကလျားထားမည့်အတူတူ အနီးအနားတွင်ဖြစ်စေ၊ ကျောက်ပန္ဒူကျေးရွာတွင် တည်ဆောက်နေသည့် နေအိမ်များတွင်ဖြစ်စေ နေရာချထားပေးစေလိုကြောင်း နေအိမ်ဖြိုဖျက်ခံလိုက်ရသော မိသားစုဝင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည့် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။

“ ကျွန်တော်တို့ကတော့ အစိုးရကိုလည်း အကြံပေးချင်တယ်။ အခုကျောက်ပန္ဒူမှာ ဆောက်ထားတဲ့အိမ်တွေရှိတယ်။ နတလကဆောက်တာတွေ ပြီးတော့မပြီးသေး၊ အပ်တော့မအပ်သေးဘူး။ ဒီအိမ်တွေမှာ ဘယ်သူတွေကို ထားမှာလဲ။ ဒီလိုရွာဖျက်ပြီး ကစဉ်ကလျားဖြစ်သွားမယ့်အတူတူ ဒီနေရာတွေမှာထားရင် အဆင်မပြေဘူးလား။ နောက်တစ်ချက် အဲဒီအနား အနီးတစ်ဝိုက်မှာ ရွာချပေးပြီးတော့ လုပ်ပေးလို့ရမယ့်အနေအထားရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ဖက်က သက်ဆိုင်ရာတွေနဲ့ နားလည်မှုရရှိအောင် လုပ်ဆောင်သွားမယ် ” ဟု ဆိုသည်။

နေအိမ်များ ဖြိုဖျက်ပြောင်းရွေ့ခံလိုက်ရသည့် မိသားစုဝင် ၁၀၀ ကျော်မှာ စားဝတ်နေရေး အခက်အခဲများအပြင် မိုးရာသီဖြစ်သည့်အတွက် နေထိုင်ရေးမှာလည်း လက်ရှိနေထိုင်သည့် ဘုန်းတော်ကြီးကျောင်းတွင် အဆင်ပြေမည်မဟုတ်ဘဲ ၄င်းတို့နေထိုင်ရေးအတွက် သင့်တော်သည့်နေရာတစ်ခု လိုချင်ကြောင်း ပြောင်းရွေ့ခံမိသားစုဝင်တစ်ဦးဖြစ်သူ ကိုကျော်ဝင်းက ပြောသည်။

“ ကျွန်တော်တို့ ဆန္ဒကတော့ အကောင်းဆုံးဖြစ်အောင်လို့ဆိုရင် သင်္ဘောကွေ့တံတား ဒီဖက်ဖြစ်စေ၊ ဟိုဖက်ကဖြစ်စေ သင့်တော်သလို နေရာပေးဖို့ ပြောချင်တယ် ” ဟု ပြောသည်။

မီးလောင်ပြင်တွင် နေအိမ်ဆောက်လုပ်နေထိုင်မှုမှာ ဥပဒေမညီသည့်အတွက် ကိုယ်ထူကိုယ်ထ သင်္ဘောကွေ့ကျေးရွာမှာ နေအိမ်များကို သက်ဆိုင်ရာအာဏာပိုင်များက  ဇူလိုင်လ ၉  ရက်နေ့တွင် လာရောက်ဖျက်သိမ်းခဲ့ကြခြင်းဖြစ်သည်။