
ဇူလိုင် ၁၇ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင် / DMG
သင်္ဘောကွေ့ကျေးရွာ တည်ထောင်ရာတွင် ဦးဆောင်သူများဖြစ်သည့် ဦးထွန်းမြင့်ဦး နှင့် သူ၏ဇနီး ဒေါ်ဥမ္မာကျော်တို့ကို မောင်တောမြို့နယ် တရားရုံးတွင် ဇူလိုင်လ (၁၆) ရက်နေ့က ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပြီး တရားရုံးခွင်သို့ မတက်ရောက်နိုင်သည့် ကိုအောင်နိုင်ကိုတော့ မြို့ နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်း ၄င်းတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်ဝင်းက ပြောသည်။
" ဟုတ်ပါတယ်၊ သူတို့အမူတွေကို စွဲဆိုထားတာက ၅၀၅( ခ) ပါ။ တရားရုံးက ဆင့်ခေါ်စာထဲမှာ ဦးထွန်းမြင့်ဦး၊ သူ့ဇနီးဒေါ်ဥမ္မာကျော်၊ ကိုအောင်နိုင်ဦးတို့ သုံးဦးပါ။ တရားရုံးချိန်း ဇူလိုင် (၁၆ )ရက်နေ့မှာတော့ ဖမ်းဆီးထားသူ ကိုထွန်းမြတ်ဦးနဲ့ သူဇနီးတို့နှစ်ဦးတည်းသာ တရားရုံးခွင်ကို ရောက်ရှိပြီး ကိုအောင်နိုင်က ရောက်မလာတဲ့အတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်လိုက်ရတာပါ" ဟု ရှေ့နေ ဦးခင်ဝင်းက ဆိုသည်။
မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာကို စိုးရ၏ ခွင့်ပြုချက်မပါဘဲ တည်ထောင်ခဲ့သည့်အတွက် ဦးဆောင်တည်ထောင်ခဲ့သူ ၃ ဦးကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့နှစ်ဦးကို ဇူလိုင်လ ၁၀ ရက်နေ့က ဖမ်းဆီးထားခြင်းလည်း ဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဥပဒေပညာရှင်တစ်ဦးက “ ဒီအမှုက ဝရမ်းအမှု မဟုတ်ဘူးဗျ၊ သာမန်အမှုသာဖြစ်တယ်။ သမ္မာန်စာနှင့် သမ္မာကမ်းမှာ မလာရင် နောက်တစ်ကြိမ် ဆင့်ခေါ်မယ်။ နောက်တစ်ကြိမ် မလာနိုင်မှသာ တရားရုံးက ဒီလူတွေဟာ တရားခံပြေးဖြစ်တယ်၊ ဒီလူတွေကို ဖမ်းပြီးပို့ပါလို့ ဖမ်းခိုင်းမှသာ ရဲကဖမ်းဆီးရမှာဖြစ်တယ် ” ဟု ဆိုသည်။
“ အခုက သူတို့က ဖမ်းတယ်။ ၂၄ နာရီ ချုပ်ပိုင်ခွင့်မရှိတဲ့အတွက် ဇူလိုင်လ (၁၀) ရက်နေ့ ရမန်လာယူပြီး ဘူးသီးတောင်ထောင်မှာ သူတို့နှစ်ဦးကို ချုပ်ထားရတာသာ ဖြစ်ပါတယ်။ သူတို့ကို နယ်ခြားစောင့်က ဖမ်းတာဖြစ်တဲ့အတွက် မောင်တောစခန်းက လက်မခံတဲ့သဘော။ နောက်ပြီး ဒီအမှုက ရဲနဲ့သက်ဆိုင်တဲ့ အမှုမဟုတ်ဘူး။ ဒုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့ အမှုသာဖြစ်ပါတယ်။ အမှန်တရားအရပြောရရင် မတရားချုပ်ထားတဲ့သဘော ဖြစ်နေပါတယ်။ သူတို့ဖမ်းချင်ရင် ဖမ်းနိုင် တယ်ပေါ့ဗျာ။ ဥအဒေအရကတော့ မဖြစ်သင့်ဘူးပေါ့။ အခု ကိုအောင်နိုင်က တရားရုံးကို မလာတဲ့အတွက် ဖမ်းဝရမ်းထုတ်တာက တရားရုံး လုပ်ထုံးလုပ်နည်းပါ။ အမှန်ဆို ကိုအောင်နိုင်လည်း တရားရင်ဆိုင်ရမှာပါ။ ဒီလို ရှောင်တိမ်းနေလို့ကတော့ မဖြေရှင်းနိုင်ဘူးလေ ” ဟု ဝေဖန်ထောက်ပြသည်။
ဒုတိယအကြိမ်ရုံးချိန်းကို ဇူလိုင် ၂၃ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။
သင်္ဘောကွေ့ကျေးရွာသည် ပဋိပက္ခမဖြစ်ခင် ဘင်္ဂါလီများ နေထိုင်ခဲ့သည့် ကျေးရွာဖြစ်သည့်အတွက် လူနေထိုင်ခြင်းနှင့် ရွာသစ်တည်ခြင်းကို အစိုးရမှ ကန့်ကွက်ထားပြီး နေအိမ်များကိုလည်း ဇူလိုင်လ (၁၀) ရက်နေ့က အပြီးဖြိုဖျက်ခဲ့ကြသည်။ လက်ရှိမှာ သင်္ဘောကွေ့ကျေးရွာတွင် နေထိုင်ခဲ့ကြသူများမှာ နေစရာအခက်အခဲများနှင့် ကြုံတွေ့နေကြရေကြောင်း သိရသည်။




