ဇူလိုင်လ ၉ ရက်၊ ၂၀၁၈ ခုနှစ်။   ။    ခွင့်ပြုချက်မဲ့ တည်ဆောက်သည်ဟုဆိုပြီး အစိုးရ၏ ခွင့်ပြုချက်အရ တရားစွဲမည်ဟု မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးပြောဆိုပြီးနောက် သင်္ဘောကွေ့ကျေးရွာ တည်ထောင်သူများကို မြို့နယ်တရားရုံးမှ ဇူလိုင်လ ၈ ရက်နေ့က ဆင့်ခေါ်စာ ပို့ထားကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာကို ဦးဆောင် တည်ထောင်သူများဖြစ်သည့် ဦးထွန်းမြင့်ဦး၊ ဦးအောင်နိုင်နှင့် ဒေါ်ဥမ္မာကျော်တို့ကို မောင်တောမြို့နယ်တရားရုံးမှ ဆင့်ခေါ်ထားကြောင်း သိရသည်။

“ ကျမတို့ကို မနေ့က တရားရုံးက ဆင့်ခေါ်စာလာပေးပါတယ်။ ကျွန်မတို့ လက်မှတ်ထိုးပြီး ယူထားလိုက်ပါတယ်။ ကျွန်မတို့က အမှန်တရားအတွက် ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။ ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့ မြို့နယ်တရားရုံးကို သွားရမှာပါ။ ” ဟု ပြောသည်။

ဘင်္ဂါလီများ နေထိုင်ခဲ့သည့်နေရာတွင် နေအိမ်များဆောက်လုပ်နေသည်ဟု နိုင်ငံတကာမှ စွပ်စွဲလာမည် သို့မဟုတ် ဖိအားပေးလာမည်ကို စိုးရိမ်၍ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ပတ်အတွင်း ဖယ်ပေးရန် ဇူလိုင်လ ၃ ရက်နေ့က သင်္ဘောကွေ့ရွာသားများကို ပြောဆိုခဲ့သည်။

“ ကျမတို့ တိုင်းရင်းသားတွေကို ဒီလို နှင်ထုတ်၊ မောင်းထုတ်တော့ တကယ်စိတ်မကောင်းပါဘူး။ ကျမတို့ကတော့ ဒီနယ်ကို ကယ်ကွယ်ရမယ်။ ထိန်းသိမ်းရမယ်။ အဲဒါကို ကျမတို့ကို သတ်မယ်ဆိုရင်လည်း ဒီနေရာမှာပဲ မြှုပ်သွားကြပါလို့ ပြောချင်ပါတယ်။ ” ဟု ဒေါ်ဥမ္မာကျော်က ပြောသည်။

အနောက်တံခါးကို ကာကွယ်ရန် အသိစိတ်ဓါတ်တစ်ခုကြောင့် ရောက်ရှိလာခြင်းဖြစ်ပြီး အစိုးရလည်း ကိုယ့်အလုပ်ကို လုပ်သလို၊ တိုင်းရင်းသားများလည်း ကိုယ်အလုပ်ကို လုပ်ခြင်းဖြစ်သည့်အတွက် ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ပြောင်းရွှေ့လာသူတစ်ဦးက ပြောသည်။

ဆင့်ခေါ်ခြင်းခံရသော ဦးဆောင်သူများနှင့် ရွာသားများမှာ မောင်တောမြို့နယ်တရားရုံးသို့ ယခု ရောက်ရှိနေပြီး ၁၁ နာရီအချိန်ခန့်တွင် တရားရင်ဆိုင်ရမည်ဟု သိရသည်။

အဆိုပါ ဦးဆောင်သူများကို ဆင့်ခေါ်ရန် မောင်တောမြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ခိုင်မှ တရားရုံးသို့ ဦးတိုက်လျောက်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားကြောင်း ဒေသခံ ရှေ့နေတစ်ဦးက ပြောသည်။

၅၀၅ (ခ) ဆိုသည်မှာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူထုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ လန့်ခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေရာသည့် အကြောင်းရှိလျှင်။

သင်္ဘောကွေ့ကျေးရွာသည် ရခိုင်ပြည်နယ် မြို့နယ် ၆ ခုမှ တိုင်းရင်းသားများက ကိုယ်ထူကိုယ်ထ ထူထောင်ထားသော ကျေးရွာဖြစ်ပြီး၊ မထူခင်ကတည်းက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အသိပေးထားကြောင်း၊ ယခု သင်္ဘောကွေ့ကျေးရွာတွင် လူဦးရေ ၂၀၀ ခန့်ရှိသည့် အိမ်ထောင်စု ၄၈ နေထိုင်ကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာ ဦးဆောင်တည်သူများကို မောင်တောမြို့နယ်တရားရုံးမှ ဆင့်သည့်စာ။ ဓါတ်ပုံ - ချလူးအောင်

Author: ချလူးအောင်