
ဇူလိုင်လ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်၊ နေရောင်မင်း(စစ်တွေ)/ DMG
မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာကို ဦးဆောင်တည်ထောင်ခဲ့သူ ၃ ဦးကို မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တရားစွဲဆိုထားပြီး ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်က နှစ်ဦးကို ဖမ်းဆီးကာ ဘူးသီးတောင်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ဦးထွန်းမြင့်ဦးနှင့် သူ၏ဇနီး ဒေါ်ဥမ္မာကျော်တို့ဖြစ်ကြောင်း ၄င်းတို့၏ သမီးဖြစ်သူ မရွှေရည်လင်းလက်က ပြောသည်။
“ အဖေနဲ့အမေက ဖမ်းဆီးခံထားရပါတယ်။ ဒီကနေ့ မနက်က ဘူးသီးတောင်သို့ ခေါ်သွားပါတယ်။ မနေ့က နေ့လည်က ဖမ်းဆီးပြီးတော့ အင်းဒင်မှာ ထားပါတယ်။ ဒီကနေ့ မနက်မှာ မောင်တော မြို့နယ်တရားရုံးသို့လာပြီး ဘူးသီးတောင်သို့ ခေါ်သွားတာပါ။ ” ဟု ပြောသည်။
ဦးဆောင်တည်ထောင်ခဲ့သူ ဦးထွန်းမြင့်ဦး၊ ဒေါ်ဥမ္မာကျော်နှင့် ဦးအောင်နိုင်တို့ သုံးဦးစလုံးကို တရားစွဲထားခြင်းဖြစ်သော်လည်း မောင်တောရဲတပ်ဖွဲ့က ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးကိုသာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
မောင်တောမြို့နယ်တရားရုံး၌ ယနေ့ ချုပ်ရမန်ယူကာ ၄င်းတို့နှစ်ဦးကို လာမည့် ဇူလိုင်လ ၁၆ ရက်နေ့သို့ ပထမဆုံးအကြိမ် ရုံးချိန်းဆိုထားကြောင်း သမီးဖြစ်သူက ပြောသည်။
“ ၁၆ ရက်နေ့ကို ရုံးချိန်းထားပါတယ်။ သမီးတို့မှာ ရှေ့နေတွေကတော့ မြို့ကပါပါတယ်။ ANP ကလည်း ရှေ့နေတွေ ပါပါတယ်။ ကူညီပေးကြပါတယ်။ သမီးကတော့ ဒီက တိုင်းရင်းသားတွေအတွက် ဦးဆောင်ခဲ့လို့ အဖေနဲ့အမေကို ဂုဏ်ယူပါတယ်။ ” ဟု ပြောသည်။
သင်္ဘောကွေ့ကျေးရွာကို အစိုးရ၏ ခွင့်ပြုချက်မပါဘဲ တည်ထောင်ခဲ့သည့်အတွက် မြို့နယ်စီမံခန့်ခွဲကော်မတီကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
သင်္ဘောကွေ့ကျေးရွာကို အစိုးရက ဖြိုဖျက်မှာဖြစ်ပြီး ယင်းမှာနေထိုင်သည့် တိုင်းရင်းသားများကို အခြားနေရာသို့ ပြောင်းရွှေ့နေရာချထားပေးမည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။
“ သင်္ဘောကွေ့ကျေးရွာမှအပ မည်သည့်နေရာမှာမဆို နေထိုင်လိုပါက တစ်စုတည်းနေကြပါ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ ကျွန်တော် ဖုန်းပြောပြီးပါပြီ။ ခင်ဗျားတို့ လိုအပ်တာတွေအားလုံး စီစဉ်ပေးပါမယ်။ စားသောက်နေထိုင်ရေးကိုပါ အားလုံးတာဝန်ယူဆောင်ရွက်ပေးပါမယ်။ ” ဟု ကတိပေးပြောဆိုထားသည်။
အစိုးရမှ အင်းဒင်ကျေးရွာအနီးတွင် ရွာသစ်တည်ထားကာ နေအိမ်များဆောက်လုပ်ထားပြီး သင်္ဘောကွေ့ကျေးရွာမှ တိုင်းရင်းသားများကို ပြောင်းရွှေ့ထားရန် စီစဉ်ထားသည်။
မနေ့က (ဇူလိုင်လ ၉ ရက်) သင်္ဘောကွေ့ကျေးရွာမှ နေအိမ် ၁၀ လုံးကို အစိုးရမှ စတင်ဖြိုဖျက်ပြီး တိုင်းရင်းသားများကို အင်းဒင်သို့ ပြောင်းရွှေ့သော်လည်း ဒေသခံများက မပြောင်းရွှေ့ဘဲ အခြားနေရာသို့ ထွက်သွားကြကြောင်း၊ တိုင်းရင်းသားတချို့ကတော့ ကျောက်ပန္ဒူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တခိုလှုံလျက်ရှိကြောင်း မရွှေရည်လင်းလတ်က ပြောသည်။
သင်္ဘောကွေ့ကျေးရွာကို ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၆ ခုက တိုင်းရင်းသားများက ပြောင်းရွှေ့နေထိုင်ပြီး တည်ထောင်ထားခြင်းဖြစ်ကာ လူဦးရေ ၂၀၀ ခန့်၊ အိမ်ထောင်စု ၄၈ စုရှိကြောင်း သိရသည်။
အစိုးရက ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် သင်္ဘောကွေ့ကျေးရွာရှိ နေအိမ်များအားလုံးကို အပြီးသတ်ဖြိုဖျက်နေကြောင်းနှင့် တိုင်းရင်းသားများကိုလည်း ပြောင်းရွှေ့ပေးနေကြောင်း သိရသည်။
သင်္ဘောကွေ့ကျေးရွာသည် ပဋိပက္ခမဖြစ်ခင် ဘင်္ဂါလီများ နေထိုင်ခဲ့သည့် ကျေးရွာဖြစ်သည့်အတွက် လက်ရှိတွင် လူနေထိုင်ခြင်းနှင့် ရွာသစ်တည်ခြင်းကို အစိုးရမှ ကန့်ကွက်ထားသည်။




