
စက်တင်ဘာ ၃၊ ချလူးအောင်
မောင်တောမြို့နယ်၊သင်္ဘောကွေ့ကျေးရွာ တည်ထောင်သူ ဦးထွန်းမြင့်ဦး နှင့် ဇနီး ဒေါ်ဥမ္မာကျော်တို့ကို မောင်တောမြို့ တရားရုံး၌ ယနေ့ စက်တင်ဘာလ(၃)ရက်နေ့တွင် (၁၁)ကြိမ်ရုံးထုတ်ပြီး တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သူ၏ရှေ့နေတစ်ဦးဖြစ်သူ ဦးသင်္ခါကျော်က ပြောသည်။
“ဒီနေ့ တရားလိုဘက်က တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ ကိုဇာနည်ထွန်းကို စစ်ဆေးတာဖြစ်ပါတယ် ။ အမှုအခြေအနေနဲ့ကတော့ ပြောလို့မရသေးပါဘူး ။တရားခံတွေကို ဘာမှ စစ်ဆေးတာ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
၎င်းတို့အမှုအား စက်တင်ဘာလ(၁၀)ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်သည်ဟု ဦးသင်္ခါကျော်က ဆက်လက်ဆိုသည်။
ကိုထွန်းမြင့်ဦးနှင့်ဇနီးကို သင်္ဘောကွေ့ကျေးရွာအား အစိုးရ၏ ခွင့်ပြုချက်မရဘဲ တည်ထောင်ခဲ့ သောကြောင့် မြို့နယ် စီမံခန့်ခွဲရေးကော်မတီက နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဇူလိုင်လ ပထမပတ်က မောင်တောမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
သင်္ဘောကွေ့ကျေးရွာကို မြို့နယ် (၆)ခုက တိုင်းရင်းသားများပြောင်းရွှေ့တည်ထောင်ထားခြင်းဖြစ်ကာ အိမ်ထောင်စု ၄၈ ခုနှင့် လူဦးရေ ၂၀၀ ခန့်နေထိုင်ခဲ့သည်။ သင်္ဘောကွေ့ကျေးရွာသည် ပဋိပက္ခမဖြစ်မီ ဘင်္ဂလီများနေထိုင်သည့် ကျေးရွာဖြစ်သောကြောင့် အစိုးရက လူနေထိုင်ခြင်းကို တားမြစ်ခဲ့ခြင်းဖြစ် သည်။
ရခိုင်များကလည်း သင်္ဘောကွေ့ကျေးရွာသည် ဘင်္ဂလီများမနေထိုင်ခင် ရခိုင်လူမျိုးများနေထိုင်ခဲ့သည့်နေရာဖြစ် သောကြောင့် ၎င်းတို့နေထိုင်ရခြင်းဖြစ်သည်ဟု ပြောကြသည်။
ယင်းရွာကို အစိုးရက ဇူလိုင်လ ၉ ရက်နေ့တွင် စတင်ဖြိုဖျက်ခဲ့ပြီး ရွာသားများကို အင်းဒင်ကျေးရွာသို့ ပို့ရန် စီစဉ်ခဲ့သည်။သို့သော်လည်း ယင်းနေရာတွင် နေထိုင်ရန်ငြင်းဆန်ကြပြီး ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းနှင့် မိမိနေရပ်သို့ ပြန်သွားကြသူများရှိသည်။




