ခိုင်ရိုးလ၊ စက်တင်ဘာလ ၁၈

တရုတ်ရေနံတင်သင်္ဘောများ ဝင်ထွက်သွားလာနေသော ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပတ်ဝန်းကျင်ရှိ သံဇစ်မြစ်ရေ အရည်အသွေးကျဆင်းနေမှုအားစစ်ဆေးပေးရန် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့် လှုပ်ရှားရေးအဖွဲ့မှ ရခိုင်ပြည်နယ်အစိုးရထံ တင်ပြခဲ့ကြောင်းသိရသည်။

ရေနံတင်သဘောင်္များ ဝင်/ထွက်လျင် စွန့်ပစ်ရည်များ၊ သင်္ဘောကိုယ်ထည်ထိန်းရေများစွန့်ပစ်မှု မရှိရအောင် စစ်ဆေးပေးရန်နှင့် ရေအရည်အသွေးကို ရေမျက်နှာပြင်၊ ရေအတွင်းပိုင်းတို့နှင့် ကမ်းပြင်ပိုင်းတို့မှရေများကို စစ်ဆေးပေးရန် စသည့်အချက်များကိုတင်ပြခဲ့ကြောင်း အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွင်မှ ပြောသည်။

ကိုမျိုးလွင်က “ရေထုညစ်ညမ်းနေမှုကို ဓာတ်ခွဲခန်းနဲ့ပတ်သက်ပြီး ရရှိထားတဲ့အကြောင်းအရာတွေကို တင်ပြခဲ့တယ်။ နောက်ပြီးကျေးရွာပေါင်း ၁၀၀ ကျော်နဲ့ မြို့နယ်ပေါင်း ၅ မြို့နယ်ရှိ လူဦးရေ ၁၀၀၀ ကျော်ရဲ့ ရေလုပ်သားဘဝအခြေနေဟာ ထိခိုက်နစ်နာမှုတွေရှိနေတာကို ဝန်ကြီးချုပ်ကိုတင်ပြခဲ့ပါတယ် ” ဟု ပြောသည်။

သံဇစ်မြစ်တစ်လျှောက်တွင် ငါး၊ ပုစွန်ဖမ်းဆီးရရှိမှုကျဆင်းလာကာ ဂုံးကောက်သူများတွင်လည်း အရေပြား ရောဂါများဖြစ်ပွားနေသည်ကိုတွေ့ရှိခဲ့ရကြောင်း ကိုမျိုးလွင်မှဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့ဖြင့် ပူးတွဲစစ်ဆေးရန်လို အပ်ကြောင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ်တင်ပြခဲ့ကြောင်းလည်းသိရသည်။

ရေမျက်နှာအရောင်ပြောင်းလဲခဲ့သည့် သံဇစ်မြစ်ရေအား နမူနာရယူပြီးဓါတ်ခွဲစမ်းသပ်ခဲ့ရာ ၎င်းရေထဲတွင် သတ်မှတ်စံနှုန်းထက် ခဲဓါတ် ၁၀ ဆ၊ ဖီနောဓါတ် ၂၆ ဆ များနေကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြင်ပဓာတ်ခွဲခန်းက ထုတ်ပြန်ထားသည့်အဖြေပေါ် တာဝန်ယူရမည်ဖြစ်ပြီး ယင်းအချက်အလက်များကိုလည်း အစိုးရထံသို့ ရဲရဲဝံ့ဝံ့တင်ပြနိုင်စွမ်းရှိရမည်ဟု ရခိုင်ပြည်နယ် လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံမှ မကြာသေးမီးကပြောဆိုခဲ့သည်။