
(ကမန်တိုင်းရင်းသားများကို ဘင်္ဂါလီလူမျိုးဟု သံတွဲမြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်ထားသော အမည်စာရင်း။ ဓါတ်ပုံ - DMG)
ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။ ။ မကြာခင် တက္ကသိုလ်ဝင်တန်းကို ဖြေဆိုကြမည့် သံတွဲမြို့နယ်က ကမန်တိုင်းရင်းသား ဆယ်တန်းကျောင်းသား၊ ကျောင်းသားများ၏ ခုံအမှတ်နှင့် အမည်စာရင်းထုတ်ပြန်ရာတွင် ဘင်္ဂါလီလူမျိုးဟု ဖော်ပြခြင်းနှင့် သီးသန့်ခွဲခြား၍ စစ်ဆေးမည်ဟု စီစဉ်ထားခြင်းကို ကန့်ကွက်ကြောင်း ကမန်တိုင်းရင်းသားလူမှုကွန်ရက်က DMG သို့ ပြောသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သံတွဲမြို့နယ်ပညာရေးမှူးရုံးမှ ဆယ်တန်းဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ထုတ်ပြန်ရာတွင် ကမန်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများကို အမည်ဘေးတွင် ဘင်္ဂါလီလူမျိုးဟု ဖော်ပြထားခြင်းကို ကျောင်းသားမိဘ ၁၀ ဦးက အဆိုပါ ကွန်ရက်ကို တိုင်ကြားလာဟု သိရသည်။
ကမန်တိုင်းရင်းသားသည် ရခိုင်မျိုးနွယ်စုတစ်ခုဖြစ်သည့်အတွက် ဘင်္ဂါလီလူမျိုးဟု ဖော်ပြထားခြင်းနှင့် သီးသန့်ခွဲခြား၍ စစ်ဆေးမည်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးဖော်ဆောင်ချိန်တွင် နိုင်ငံတော်၏ ဦးတည်ချက် သွေဖီလွှဲချော်နေကြောင်း၊ အခြားတိုင်းရင်းသားများနည်းတူ မွေးရာပါ နိုင်ငံသားအခွင့်အရေး မရရှိဘဲ လူ့အခွင့်အရေးပါ ချိုးဖောက်ခံနေရကြောင်း စာတစ်စောင်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပညာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးသို့ အမြန်ဆုံးဖြေရှင်းပေးရန် တိုင်ကြားထားကြောင်း ကမန်တိုင်းရင်းသားလူမှုကွန်ရက် ဥက္ကဌ ဦးထွန်းဝေက ပြောသည်။
“ ဘာသာတွေအားလုံး အတူတူဖြေဆိုခွင့်မရှိဘဲ အစ္စလာမ်ဘာသာကိုပဲ သီးသန့်ခွဲထားမယ်ဆိုရင်တော့ ကျနော်တို့ ကန့်ကွက်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ စိတ်နှစ်လုံးသားတွေပေါ့နော်။ တိုင်းရင်းသားတွေလည်း ဖြစ်နေတဲ့အတွက် သံတွဲမြို့နယ်မှာ မည်သည့်ပြဿနာမှလည်း မရှိဘဲနဲ့ ခွဲခြားပြီး ဖြေဆိုရမယ်ဆိုရင် ကလေးတွေရဲက စိတ်ခံစားချက်တွေ၊ ကလေးမိဘတွေရဲ့ ပညာရေးအပေါ်မှာ ယုံကြည်မှု အခက်အခဲရှိနေပါတယ်။ ဒါကို ပြေလည်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ ” ဟု ပြောသည်။
သံတွဲမြို့နယ် ပညာရေးမှူး ဦးစိုးဝင်းထံသို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက် ဥက္ကဌ ဦးထွန်းဝေမှ ဖုန်းဆက် မေးမြန်းရာတွင် ဘင်္ဂါလီလူမျိုးဟု ဖော်ပြထားခြင်းကို ပြန်လည်ဖျက်သိမ်းပေးပြီးသော်လည်း သီးသန့်ခွဲခြား၍ စာမေးပွဲ ဖြေဆိုရမည်ကို အတိအကျမသိရဘဲ ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။
ကမန်တိုင်းရင်းသားအပေါ် ဘင်္ဂါလီလူမျိုးဟု ဖော်ပြခြင်းနှင့် အစ္စလာမ်ဘာသာဝင်သီးသန့် ကျောင်းတစ်ကျောင်းတွင် ဖြေဆိုရမည်ဟု စီစဉ်ခြင်းသည် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဆောင်ရွက်ရသည်ဟု သံတွဲမြို့နယ် ပညာရေးမှူးရုံးက သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ပြဿနာများကြောင့် သံတွဲမြို့နယ်မဟုတ်ဘဲ အခြားမြို့များတွင် သီးသန့်ခွဲခြားစစ်ဆေးမှုကို လက်ခံသော်လည်း သံတွဲမြို့နယ်က ကျောင်းသားများကို သီးသန့်ခွဲခြားဆက်ဆံခြင်းကို နောက်နောင်မဖြစ်စေရန် ကမန်တိုင်းရင်းသား လူမှုကွန်ရက်က တိုက်တွန်းထားသည်။
သံတွဲမြို့နယ်တွင် ကမန်ကျောင်းသား၊ ကျောင်းသူများစာရင်းကို အတိအကျမသိရသော်လည်း ကမန်တိုင်းရင်းသား ကျေးရွာ ၁၉ ရွာရှိပြီး လူဦးရေ သုံးသောင်းကျော်ရှိသည်။ ရန်ကုန်နှင့် ရခိုင်ပေါင်းလျှင် ကမန်တိုင်းရင်းသား ငါးသောင်းကျော်ရှိသည်ဟု သိရှိရသည်။




