
(အောင်စာရင်းအား လာရောက်ကြည့်ရှုနေကြသော ကျောင်းသားများနှင့် ကျေားသားမိဘများ။ ဓါတ်ပုံ - မျိုးမြင့်ဇော်/DMG)
ဇွန်လ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်၊ သံတွဲ (DMG) ။ ။ ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း (၁၀ တန်း) စာမေးပွဲ ဖြေဆိုသည့် ကျောင်းသားကျောင်းသူတို့၏ အောင်မြင်မှုမှာ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် အောင်ချက် ၂၆.၇၂ ရှိကာ ယခင်နှစ်နှင့်နှိုင်းလျှင် အတူတူလောက်သာရှိပြီး သိပ္ပံဘာသာရပ်ဖြင့် ၆ ဘာသာဂုဏ်ထွက်သူမှာ ၄ ဦးရှိသည့်အတွက် ယခင်နှစ်ထက် ဘာသာစုံဂုဏ်ထွက်သူပိုများကြောင်း သံတွဲမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးက စုံစမ်းသိရှိရသည်။
''သံတွဲမြို့နယ်ရဲ့ အောင်ချက်က အရင်နှစ်နဲ့ အတူတူလောက်ပဲရှိတယ်။ ဘာသာစုံဂုဏ်ထူးထွက်သူက ဒီနှစ်မှာ ၄ ယောက် အရင်နှစ်က ၂ ယောက်ပဲရှိတော့ ဒီနှစ်ပိုများတယ်။ '' ဟု သံတွဲမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။
သံတွဲမြို့နယ်တွင် ယခုနှစ်၌ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူအပြင် ၅ ဘာသာဂုဏ်ထူးရှင် ၂ ဦး ၄ ဘာသာဂုဏ်ထူးရှင် ၄ ဦး ၃ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး ၂ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး ၁ ဘာသာဂုဏ်ထူးရှင် ၅၈ ဦးရှိကြောင်း သံတွဲမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးက သိရသည်။




