
အောင်ကောင်းဇော် ၊DMG
အောက်တိုဘာလ ၇၊မာန်အောင်
ရုပ်ရှင်သရုပ်ဆောင် မင်းသွေးအတွက် ရည်စူး၍ သူ၏ မွေးရပ်ဇာတိမြေဖြစ်သည့် မာန်အောင်မြို့၊ သံကျောက်တောင်ဘုရားတွင် ဘုန်းကြီးသံဃာတော်များ ပင့်ဖိတ်ပြီး အောက်တိုဘာ ၇ ရက်နေ့ နံနက် ၉ နာရီတွင် ဒေသခံ(၁၀၀)ကျော်ခန့်က ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွမ်းကျွေးပွဲကို သံကျောက်တောင် ဘက်စုံတည်ဆောက်ရေးအဖွဲ့က ပြုလုပ်ခြင်းဖြစ်သည်။ သံကျောက်တောင် ဘုရားတွင် တည်ထား ကိုးကွယ်ရန် အတွက် ဇေယျာ သိဒ္ဓိမဟာမုနိ ဘုရားကို မင်းသွေး မိသားစုက ဦးဆောင်ကာ ၂၀၁၆-၂၀၁၇ ခု တွင် တည်ဆောက်ခဲ့သည်။
သရုပ်ဆောင် မင်းသွေး ကောင်းရာသုဂတိ ရောက်စေရန်အတွက် ရည်စူးပြီး အလှူပြုလုပ်ခြင်းဟု သံကျောက်တောင် ဘက်စုံတည်ဆောက်ရေး အဖွဲ့ဝင် ကိုကျော်မိုးနိုင် ဆိုသည်။
"ကိုယ့်ကျွန်းဒေသကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်။ အလှူရှင်လည်းဖြစ်တဲ့ ကိုမင်းသွေး အခုလို ရုတ်တရက် သေဆုံးသွားခြင်း အပေါ်မှာ ကောင်းရာ မွန်ရာကို ရောက်ဖို့ အတွက်ပဲ ဆုတောင်းပြီး အခုဒီဆွမ်းကျွေးပွဲကို ပြုလုပ်တာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
သရုပ်ဆောင် မင်းသွေး ကွယ်လွန် သွားခြင်းသည် မာန်အောင်မြို့ အတွက် ဒုတိယ အကြိမ်မြောက် အနုပညာရှင်တစ်ယောက် ဆုံးရှုံးခြင်းဟု မာန်အောင်ဒေသခံများက ပြောကြသည်။
"သူ့လို သာသနာရေး လူမှုရေးတွေကို ကူညီတတ်ပြီး မာန်အောင်ကို အမြဲ ပြန်ကြည့်တတ်တဲ့ ခလေး တစ်ယောက် အခုလို အချိန်မတန်ဘဲ ကြွေသွားတာဟာ စိတ်မကောင်းစရာ ဖြစ်မိတယ်။ မြေနီတောင် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ကိုကိုနိုင် (ခ)ဗျာလသေဆုံးသွားတယ်။ အခုတော့ သံကျောက်တောင် ဘုရား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ က ကိုမင်းသွေး ဆုံးပြန်တော့ အကိုတို့အတွက် အရမ်း မျှော်လင့်ချက် ကင်းမဲ့နေပြီး၊ ဘာမှ မရှိတော့ဘူး"ဟု မာန်အောင်ဒေသခံတစ်ဦးက ဆိုသည်။
အသက် ၃၃ နှစ်အရွယ်ရှိ မင်းသွေးသည် အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ဘောလုံးကန်ပြီး အနားယူချိန် ရေသောက်ရာ အမောဖောက်ပြီး ရုတ်တစ်ရက် ကွယ်လွန်သွားခြင်းဖြစ်သည်။ သူ၏ဈာပနအခမ်းအနားကို ရန်ကုန်မြို့၊ ရေဝေးသုဿန်တွင် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မင်းသွေး၏ နောက်ဆုံးခရီးကို နာမည်ကြီး အနုပညာရှင်များနှင့် ပရိသတ်များစွာ လိုက်ပါပို့ဆောင်ခဲ့ကြသည်။




