(မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှ ဖမ်းဆီးခံထားရသည့် ဦးထွန်းအေးအား ရုံးထုတ်လာသည့်မြင်ကွင်း။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။    ။   အမည်မသိ အလောင်းများ တူးဖော်တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ကျောင်းဆရာ ဦးထွန်းအေးကို ဇန်နဝါရီလ ၁၂ ရက်နေ့က မောင်တောတရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း ၄င်းရှေ့နေထံမှ သိရသည်။

ဦးထွန်းအေး အမှုကို လိုက်ပေးနေသည့် ရှေ့နေ ဦးခင်ဝင်းက “ ဟုတ်ပါတယ်။ အဲ့ဒီအမှုကတော ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၄ နဲ့ စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။ ဒီနေတော့ သူ တရားခံပြေးတွေကို စစ်ဆေးတာသာ ဖြစ်တယ်။ ” ဟု ပြောသည်။

ဦးထွန်းအေးရုံးချိန်းကို ဇနီးဖြစ်သူ ဒေါ်ခင်ဆန်းမြင့်က ကလေးနေမကောင်း၍ ရောက်မလာခဲ့ကြောင်း သူမက ပြောသည်။

“ ဟုတ်ပါတယ်။ ကျွန်မမှာ သားသမီးသုံးဦးနဲ့ ဒုက္ခရောက်နေပါပြီ။ သားသမီး ၂ ဦးက ပညာသင်ယူနေပါတယ်။ အိမ်ရှင် တစ်ဦးရဲ့ လစာငွေ တစ်ခုတည်းဖြင့်သာ ရပ်တည်နေရတာဖြစ်တဲ့ အတွက် အခုတရား စွဲတင်ပြီဆိုတော့ လစာက တစ်ဝှက်သာ ရတောမှာဖြစ်ပါတယ်။ မြို့ပေါ်မှာ ပညာသင်ယူနေတဲ့ သားနဲ့ သမီးဆီလည်း ငွေမပို့နိုင်တောပါဘူး။ သမီးအကြီးဆုံးက သတ္တမတန်းဖြစ်ပြီး သားအလတ်ကတော့ စတ္တုတတန်းပါ။ သားအငယ်ကတော့ အသက် ၂ နှစ်နဲ့ လေးလသာရှိပါသေးတယ်။ အခု ကလေးနေမကောင်းလို့ ဒီနေ့ မလာဖြစ်တာပါ။ ” ဟု ပြောသည်။

၂၀၁၇ ခုနှစ်က အကြမ်းဖက်ဖြစ်စဉ်များအတွင်း မောင်တောမြို့နယ် အင်းဒင်သုဿန်၌ သတ်ဖြတ်ထားသည့် ရုပ်အလောင်းများကို မြှုပ်နှံထားသည်ဟု သတင်းရရှိပြီးနောက် သက်ဆိုင်ရာမှ ရုပ်အလောင်း (၁၀) လောင်း တူးဖော်တွေ့ရှိခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်ပြီး အင်းဒင်ကျေးရွာက ကျောင်းဆရာ ဦးထွန်းအေး အပါအဝင် ဦးမောင်သိန်းဖြူ၊ ဦးထွန်းနိုင်၊ ဦးမောင်ဝင်းဖြူတို့ (၄) ဦးကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ယင်း (၄) ဦးထဲက ဦးမောင်သိန်းဖြူ၊ ဦးထွန်းနိုင်နှင့် ဦးမောင်ဝင်းဖြူတို့ကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကျောင်းဆရာ ဦးထွန်းအေး တစ်ဦးသာ ကျန်ရှိခဲ့ကာ အမှုကိုရင်ဆိုင်နေခြင်းဖြစ်သည်။

အဆိုပါ ရုပ်အလောင်း (၁၀) လောင်းမှာ အကြမ်းဖက်ဘင်္ဂလီသမားများ၏ ရုပ်အလောင်းများဖြစ်ပြီး အင်းဒင်ကျေးရွာသားများကို အကြမ်းဖက်တိုက်ခိုက်ရန် လော်စပီကာဖြင့် စည်းရုံးခဲ့ကြောင်း၊ ယင်းအကြမ်းဖက်သမား (၁၀) ဦးကို အင်းဒင်ကျေးရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အမည်မဖော် လိုသည့် အင်းဒင်ကျေးရွာသား တစ်ဦးက " အခု သေသွားတဲ့ အကြမ်းဖက်သမားတွေဟာ ကျွှန်တော်တို့ရွာကို တိုင်ခိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားနေခဲ့ကြတာပါ။ သြဂုတ်လ(၂၅)ရက်နေ့ အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွါးတဲ့နေ့ မနက်ပိုင်း အခု အဖမ်းခံထားရတဲ့  ကိုထွန်းအေး ဖခင် ဖြစ်တဲ့ ဦးမောင်နီ ဟာ သူမွေးစားထားတဲ့  ကျွဲ ၂ ကောင်းကို ရွာအနီးမှာ  လိုက်ရှာယင်း ဒီအကြမ်းဖက် သမားတွေက သတ်လိုက်တာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ အင်းဒင်ကျေးရွာကို မီးရှို့မယ်။ တစ်ရွာလုံးကို သတ်မယ်ဆိုပြီး လော်စပီကာဖြင့် ခြိမ်းခြောက်ပါသေးတယ်။ " ဟု ၄င်းက ပြောသည်။

ဦးထွန်းအေး ဖခင် ဦးမောင်နီကို အကြမ်းဖက်သမားများက ဝိုင်းဝန်းဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ အင်းဒင်ကျေးရွာကိုလည်း ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း၊ ယင်းနောက် အင်းဒင်ကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးထားစဉ် အကြမ်းဖက်သမားများ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သမား (၁၀) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း ၁၀ ဦးကို လုပ်ထုံးလုပ်နည်းအရ ရဲစခန်းကို အပ်နှံရမည်ဖြစ်သော်လည်း အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ဖျက်ဆီးခြင်းများ ရှိနေသည့်အတွက် ရဲစခန်းကို လက်ဆင့်ကမ်းပို့ဆောင်နိုင်သည့် အခြေအနေမရှိခဲ့မှုကြောင့် သုဿန်မှာ သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု စစ်ဆေးတွေ့ရှိကြောင်း တပ်မတော်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

ဤအမှူတွင် ပါဝင်ပတ်သက်သည့် ရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Author: ချလူးအောင်