ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၈ ခုနှစ်။      ။ မောင်တောမြို့နယ် အင်းဒင်သုသာန်မှာ သတ်ဖြတ်ပြီး မြေမြုပ်ထားသော အလောင်း ၁၀ လောင်း တူးဖော်ရရှိမှု ကိစ္စနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အင်းဒင်ကျေးရွာသား (၄) ဦးထဲက (၃) ဦးမှာ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ရွာသားများထံမှ သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော (၄) ဦးမှာ ဦးမောင်သိန်းဖြူ၊ ဦးထွန်းအေး၊ ဦးထွန်းနိုင်နှင့် ဦးမောင်ဝင်းဖြူတို့ ဖြစ်ပြီး ယင်းအထဲက ဦးမောင်သိန်းဖြူ၊ ဦးထွန်းနိုင်နှင့် ဦးမောင်ဝင်းဖြူတို့မှာ ပြန်လည်လွတ်မြောက်လာပြီး ဦးထွန်းအေးတစ်ယောက် ကျန်နေသေးသည်ဟု အင်းဒင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

" ဟုတ်ပါတယ်။ သူတို့သုံးဦး ပြန်လွတ်လာပါပြီ။ ကျန်နေတာကတော့ ကျောင်းဆရာဖြစ်တဲ့ ဦးထွန်းအေး ကျန်ပါသေးတယ်။ အာမခံနဲ့ လွတ်တာလား၊ အပြီး လွတ်တာလားဆိုတာကိုတော့ ကျနော်လည်း မသိပါဘူး ခင်ဗျ။ လွတ်လာတာတော့ တွေ့ပါတယ်။ အားလုံး ကျန်းကျန်းမာမာပါပဲ " ဟု ၄င်းက ပြောသည်။

ယခု လွတ်မြောက်လာသူများမှာ အင်းဒင်ကျေးရွာသို့ ရောက်ရှိနေကြပြီဖြစ်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံရပြီဖြစ်ကြောင်း ရပ်မိရပ်ဖက ပြောသည်။ ၄င်းတို့ကို သက်ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးခြင်းမှာ ရိုက်တာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဆက်စပ်နေသည်ဟု အင်းဒင်ရွာသားများက ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က အင်းဒင်သုသာန်မှ လူသတ်ထားသည့် အလောင်း ၁၀ လောင်းတူးဖော်ရရှိမှုနှင့် ပတ်သက်၍ နေပြည်တော်က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

 

Author: ချလူးအောင်