အင်းဒင်ကျေးရွာရှိ ကားလမ်းဘေးတွင် ဖွင့်လစ်ထားသော ကုန်စုံဆိုင်တစ်ဆိုင်အားတွေ့ရစဉ်။ ဓါတ်ပုံ - ချလူးအောင်

ဇူလိုင်လ ၉ ရက်၊ ၂၀၁၈ ခုနှစ်။  ။  မောင်တောမြို့နယ် အင်းဒင်ကျေးရွာနှင့် ပဲရုံနတလကျေးရွာမှ အငူမော်ကားလမ်းဘေးရှိ ဈေးဆိုင်ခန်း ၂၀ ခန့်ကို ဖြိုးဖျက်ရန် အင်းဒင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဇူလိုင်လ ၅ ရက်နေ့က စာထုတ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ဖြိုဖျက်ခိုင်းသည်ဟု သိရကြောင်း ပဲရုံနတလကျေးရွာမှ ဈေးဆိုင်ရောင်းချသူ ဦးကျော်သန်းက ပြောသည်။

“ ဟုတ်ပါတယ်။ ကျွန်တော်တို့ကို ပထမ စကားနဲ့ ပြောခဲ့တာတွေရှိပါတယ်။ လူကြီးတွေက ဖြိုခိုင်းတယ်ပေါ့လေ။ အခုတော့ အုပ်ချုပ်ရေးမှူးက စာပေးလာပါတယ်။ စာထဲ့မှာကတော့ တရားမဝင် လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဖြိုဖျက်ပေးပါ။ မဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ရေးထားပါတယ်။ ” ဟု ပြောသည်။

မရှိဆင်းရဲသဖြင့် ဈေးဆိုင်ရောင်းချပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု ဈေးဆိုင်သည် ဒေါ်ခိုင်သိန်းနုက ပြောသည်။

“ ကျွန်မတို့ ပဲရုံ နတလ ရွာမှာ နေလာတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ လယ်မြေလည်းမရှိပါ။ ဒါကြောင့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ဈေးဆိုင်လေးဖွင့်ပြီး ရောင်းချနေတာပါ။ ဒီလို မရှိဆင်းရဲလို့ ရောင်းစားနေတာကိုမှ မကူညီနိုင်သေးတဲ့အပြင် တားဆီးပိတ်ပင်တယ်ဆိုတော ကျွန်မတို့ အလွန်ဝမ်းနည်းမိပါတယ်။ ကျွန်မတို့ ဈေးဆိုင်တွေက ရွာသူရွာသားတွေကို ရောင်းချနေတာမဟုတ်ပါဘူး။ လမ်းသွားလမ်းလာ ခရီးသွားတွေကိုပါ ခရီသည်တွေကလည်း ကားပျက်လို့သော်လည်းကောင်း၊ ဗိုက်ဆာလို့သော်လည်ကောင်း၊ လမ်းကြုံစားသောက်ကြတာပါ။ ခရီးသည်တွေအတွက် နားခိုရာနေရာတစ်ခုသာဖြစ်ပါတယ်။ ” ဟု ပြောသည်။

အဓိက ဈေးဝယ်သူများမှာ အစိုးရဝန်ထမ်းအချို့နှင့် နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ပြီး ယခု ဖြိုဖျက်ခိုင်းသည်မှာ ထမင်းဆိုင်သာမကဘဲ စားကုန်ဆိုင်များပါ ပါဝင်၍ အစိုးရအနေဖြင့် ပြည်သူတို့၏ စားဝတ်နေရေးကို လစ်လျူရှူကြောင့် ဦးကျော်သန်းက ပြောသည်။

“ အခု ဆိုင်တွေဖြိုရမယ်ဆိုတော့ နယ်ခြားစောင့်တပ်က တပ်သားတွေပါ၊ ဆောက်လုပ်ရေးလုပ်သားတွေပါ၊ စိတ်မကောင်းကြပါဘူး။ ကျွန်တော်တို့ ဘယ်မှာ ထမင်းသွားစားမလဲ။ စာထုတ်ပေးပြီး နောက်ပိုင်း ဘာမှတော့ လာမပြောသေးပါဘူး။ ဘာလုပ်ကိုင်စားသောက်ရမလဲဆိုပြီး စိတ်ပူပင်သောက ရောက်နေရပါတယ်။ " ဟု ပြောသည်။

အင်းဒင်နှင့် ပဲရုံနတလကျေးရွာမှ ကားလမ်းဘေးရှိ ဈေးဆိုင်ခန်းများကို ဖြိုဖျက်ရန် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မောင်တောသို့ လာရောက်သည့်အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ညွှန်ကြားထားခဲ့ကြောင်း သိရသည်။

အင်းဒင်နှင့် ပဲရုံနတလကျေးရွာရှိ ကားလမ်းဘေးတွင်ဖွင့်လှစ်ထားသော ဆိုင်ခန်းများ ဖျက်သိမ်းရန် အကြောင်းကြားသည့်စာ။ ဓါတ်ပုံ - ချလူးအောင်

Author: ချလူးအောင်